အင်္ဂလန်-ဆွစ်ဇာလန်၊ နယ်သာလန်-တူရကီတို့ရဲ့ ကွာတားဖိုင်နယ် ပွဲကြိုသုံးသပ်ချက်  ◾ဘယ်သူက ဆီမီးဖိုင်နယ်တက်မလဲ။ ဘယ်သူတွေ အိမ်ပြန်ရမလဲ?

Author မောင်ရှမ်း
Categories
Published on Jul 06, 2024

ဒီကနေ့ ဇူလိုင် ၅ ရက်ညမှာတော့ ဂျာမနီနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်အဆင့်ပွဲစဉ်တွေထဲက နောက်ဆုံး ၂ ပွဲကို ကျင်းပသွားဖို့ ရှိပါတယ်။ မြန်မာစံတော်ချိန် ည ၁၀ နာရီခွဲမှာတော့ အင်္ဂလန်-ဆွစ်ဇာလန်၊ ဇူလိုင် ၇ ရက်နေ့ နံနက် ၁ နာရီခွဲမှာတော့ နယ်သာလန်-တူရကီတို့ ကစားသွားမှာဖြစ်ပါတယ်။ ယခုပွဲစဉ် နှစ်ပွဲအတွက် CJ Platform ရဲ့ ပွဲကြိုသုံးသပ်ချက်တွေက ဘာတွေဖြစ်မလဲ။ ဘယ်အသင်းတွေ နိုင်မယ်လို့ ခန့်မှန်းထားပါသလဲ။ ကြည့်လိုက်ကြရအောင်

****************************************

အင်္ဂလန် – ဆွစ်ဇာလန်

အင်္ဂလန်အသင်းဟာ အုပ်စုအဖွင့်ပွဲစဉ်မှာ ဆားဘီယားကို အနိုင်ကစားနိုင်ခဲ့ပေမဲ့ နောက်ထပ် ၂ ပွဲမှာတော့ ဒိန်းမတ်နဲ့ ဆလိုဗေးနီးယားကို သရေသာ ကစားနိုင်ခဲ့ပြီး နောက်တစ်ဆင့်တက်ခဲ့တာပါ။ ရှုံးထွက်အဆင့်မှာလည်း ဆလိုဗက်ကီးယားကို မိနစ် ၉၀ ပြည့်ချိန်ထိ ရှုံးနိမ့်နေခဲ့ပြီး နာကျင်အချိန်ပိုမှာ ဘယ်လင်ဟမ်ရဲ့ ချေပဂိုး၊ အချိန်ပိုမှာ ဟာရီကိန်းရဲ့ အနိုင်ဂိုးတွေကြောင့် ဒီအဆင့်ကို တက်လာခဲ့တာဖြစ်ပြီး ကစားပုံအရတော့ အားရစရာလုံးဝမရှိပါဘူး။

 

ဆွစ်ဇာလန်ကလည်း အဖွင့်ပွဲမှာ ဟန်ဂေရီကို အနိုင်ရရှိခဲ့ပြီး နောက်ထပ် ၂ ပွဲမှာတော့ စကော့တလန်နဲ့ အိမ်ရှင် ဂျာမနီတို့ကို တစ်ဂိုးစီသရေကျခဲ့ကာ နောက်တစ်ဆင့်တက်နိုင်ခဲ့တာပါ။ ဒါပေမဲ့ ရှုံးထွက်အဆင့်မှာတော့ လက်ရှိချန်ပီယံ အီတလီကို ခြေစွမ်းအသာစီးရယူပြီး ၂ ဂိုးပြတ်အနိုင်ယူပြခဲ့ပါတယ်။ ဒါကြောင့် ဆွစ်ရဲ့ခြေစွမ်းဟာ အင်္ဂလန်ကို ဘယ်နည်းနဲ့မဆို ယှဉ်ကစားနိုင်စွမ်းရှိနေပြီး သာမန်ပွဲချိန်အတွင်းမှာ အနိမ့်ဆုံးသရေကစားနိုင်စွမ်းရှိတယ်ဆိုရင်လည်း အံ့ဩစရာတော့မဟုတ်ပါဘူး။ ဒါပေမဲ့ ကစားသမားတွေရဲ့ တစ်ဦးချင်းစွမ်းဆောင်ရည်နဲ့ အတွေ့အကြုံအရ အင်္ဂလန်ကို ငြင်းပယ်ဖို့လည်း မလွယ်ပါဘူး။ ခက်ခက်ခဲခဲကစားရင် အင်္ဂလန်တို့ နောက်တစ်ဆင့်တက်သွားဖွယ်ရှိနေပါတယ်။

 

ခန့်မှန်းချက် – အင်္ဂလန် ၂ – ၁ ဆွစ်ဇာလန်

*****************************************

နယ်သာလန် – တူရကီ

 

နယ်သာလန်ကတော့ အုပ်စုတွင်းအဖွင့်ပွဲမှာ ပိုလန်ကိုအနိုင်ရခဲ့ပေမဲ့ နောက်ထပ် ၂ ပွဲမှာတော့ ပြင်သစ်နဲ့သရေ ဩစတြီးယားကို ရှုံးနိမ့်ပြီး အကောင်းဆုံးတတိယအနေနဲ့ နောက်တစ်ဆင့်တက်ခဲ့တာပါ။ ဒါပေမဲ့ ၁၆ သင်း ရှုံးထွက်အဆင့်မှာတော့ အကောင်းဆုံးစွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ပြီး ရိုမေးနီးယားကို ခြေစွမ်းအပြတ်အသတ်နဲ့ ၃ ဂိုးပြတ် အနိုင်ကစားပြခဲ့ပါတယ်။

 

တူရကီကတော့ အဖွင့်ပွဲမှာ ဂျော်ဂျီယာကိုအနိုင်ရခဲ့ပြီး ဒုတိယပွဲမှာ ပေါ်တူဂီကို ရှုံးခဲ့ပေမဲ့ အုပ်စုတက်ရေးအဆုံးအဖြတ်ဖြစ်တဲ့ နောက်ဆုံးပွဲမှာ ချက်ကို အနိုင်ယူကာ ရှုံးထွက်ကို တက်လာခဲ့တာပါ။ ၁၆ သင်းအဆင့်မှာတော့ နယ်သာလန်ကိုအနိုင်ယူပြခဲ့တဲ့ ဩစတြီးယားကို ၂-၁ နဲ့ အနိုင်ကစားပြထားခဲ့ပါတယ်။ ဒါပေမဲ့ ဒီပွဲမှာ ဒီမီရယ်လ်ပွဲပယ်ခံထားရလို့ တူရကီတို့ ခံစစ်ပိုင်း အားနည်းသွားနိုင်ပါတယ်။

 

နယ်သာလန်အနေနဲ့ ကစားသမားအင်အားအရသာလွန်နေသလို ရှုံးထွက်အဆင့်မှာပြသနိုင်ခဲ့တဲ့ ခြေစွမ်းမျိုးသာ ဒီပွဲမှာ ထပ်မံပြသနိုင်ဦးမယ်ဆိုရင်တော့ ဆီမီးအဆင့်ဆီ တက်လှမ်းနိုင်မှာပါ။ တူရကီကတော့ ကွာတားအဆင့်နဲ့ပဲ ကျေနပ်ရဖို့ ရှိနေပါတယ်။

 

ခန့်မှန်းချက် – နယ်သာလန် ၁ – ဝ တူရကီ

 

ဓာတ်ပုံ –  Sky Sport

 

Related News

Depend on news