ပုဂ္ဂလိကကျွန်းခင်းတွေက ကျွန်းပင်တွေကို မျောတိုင်အဖြစ် အေအေတပ်ဖွဲ့ဝင်တွေ ခုတ်ယူနေ

ချင်းပြည်တောင်ပိုင်း၊ ပလက်ဝမြို့နယ်၊ နှမဒါကျေးရွာအုပ်စုနဲ့ လယ်လှကျေးရွာအုပ်စုအနီးတဝိုက်ရှိ ကျွန်းသစ်တွေနဲ့ အခြား သစ်မာတွေကို ပြီးခဲ့တဲ့ နိုဝင်ဘာလကတည်းက အေအေတပ်ဖွဲ့ဝင်တွေက ခုတ်ယူနေတဲ့အပြင် ဒေသခံတွေရဲ့ ပုဂ္ဂလိကကျွန်းခင်းတွေက ကျွန်းပင်တွေကိုပါ မျောတိုင်အဖြစ် ခုတ်ယူနေတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။
ဒေသတွင်းမှာ အလေ့ကျပေါက်တဲ့ သစ်မာတွေ၊ ဝါးတွေကို အိမ်သုံးထင်းအဖြစ် ခုတ်ယူရောင်းချနေကြတဲ့အပြင် ကျောက်တော်၊ စစ်တွေ ဘက်တွေကိုလည်း ပို့ဆောင် ရောင်းချနေကြတယ်လို့ ပြောပါတယ်။
“ကျွန်းပင်တွေက ၅ နှစ်ကျော်ကျော်လောက်ပဲရှိသေးတယ်၊ အခုတော့ AA တွေက အကုန်ခုတ်ပစ်လိုက်တယ်၊ ဒီလိုလုပ်တာတော့ တရားလွန်လွန်းတယ်” လို့ လယ်လှကျေးရွာရှိ အမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။
ကျွန်းပင်တွေကို သားသမီးမြေးမြစ်တွေအတွက်နဲ့ အိုစာမင်းစာအတွက် ပင်ပင်ပန်းပန်း ရှိတာလေးနဲ့ စိုက်ခဲ့ရတာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
နှမဒါကျေးရွာအုပ်စုနဲ့ လယ်လှကျေးရွာအုပ်စုဟာ ကျောက်တော် ပလက်ဝ ပြည်ထောင်စုလမ်းမကြီးဘေးမှာ တည်ရှိပြီး လမ်းတလျောက် အစိုးရ အဆက်ဆက်က စိုက်ထားခဲ့တဲ့ ကျွန်းပင်တွေကိုလည်း အေအေတပ်ဖွဲ့ဝင်တွေက ခုတ်ယူနေတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“အေအေတွေက သစ်တွေတအားခုတ်တယ်၊ အဆိုးဆုံးက ကျွန်တော်တို့ စိုက်ထားတဲ့ ကျွန်းပင်တွေကို ခုတ်တာပဲ၊ ဒါက ပိုင်ရှင်ရှိတယ် စိုက်ထား တာလို့ပြောပေမဲ့ မရဘူး၊ တားပိုင်ခွင့်မရှိဘူးလို့ပဲ ပြောတယ်” လို့ လယ်လှရွာသား ကျွန်းသစ်ပိုင်ရှင် ဒေသခံတစ်ဦးက ပြောပါတယ်။
ပလက်ဝဒေသမှာရှိတဲ့ အဲဒီကျေးရွာအုပ်စုတွေဟာ ကျေးရွာတစ်အုပ်စုကို အနည်းဆုံး ၁၀ ရွာခန့်ရှိပြီး လယ်ယာလုပ်ငန်းလုပ်ကိုင်ကြသလို အများစုဟာ မိမိပိုင်မြေယာတွေမှာ မိသားစုအတွက် အိမ်ဆောက်ရန်နဲ့ နောင်ရေးအတွက် ကျွန်းပင်နဲ့ သစ်မာပင်တွေကို စိုက်ပျိုးထားကြလေ့ရှိကြပြီး အဲဒီဒေသမှာ ကျွန်းစိုက်ခင်းပေါင်း များစွာ ရှိတယ်လို့ သိရပါတယ်။
အစိုးရအဆက်ဆက်စိုက်ပျိုးထားခဲ့တဲ့ ကျွန်းပင်တွေဟာ နှစ်ပေါင်း ၃၀ နီးပါးရှိနေပြီး ဒေသခံတွေက မခုတ်ရဲ မထိရဲခဲ့ကြပေမဲ့ အေအေရဲ့ အုပ်ချုပ်ရေးယန္တရား ဖော်ဆောင်လာမှုနောက်ပိုင်းမှာ အဲဒီကျွန်းပင်တွေကို ခုတ်ယူနေတာပဲဖြစ်ပါတယ်။
ဓာတ်ပုံ – ပေးပို့
ပုံစာ – အေအေတပ်ဖွဲ့မှ ခုတ်ယူထားသည့် ကျွန်းသစ်၊ ဝါးနှင့် ထင်းပုံကို မြင်တွေ့ရစဉ်။