သတင်းပေးတွေကြောင့် AA သိမ်းပိုက်ထားတဲ့ မြို့တွေမှာ စစ်ကောင်စီ လေကြောင်းဗုံးကြဲလို့ အရပ်သား ထိခိုက်သေဆုံးသူများလာ

Author သုတ
Categories
Published on Jan 06, 2025

ရခိုင်ပြည်က အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ မြို့တွေမှာ သတင်းပေးမှုတွေကြောင့် စစ်ကောင်စီက လေကြောင်း ဗုံးကြဲမှုတွေရှိနေပြီး တစ်ပတ်အတွင်း အရပ်သား သေဆုံးသူ ကိုးဦးအထိ ရှိလာပြီဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။

 

ယမန်နေ့ ဇန်နဝါရီလ ၅ ရက်နေ့မှာ ပုဏ္ဏားကျွန်းမြို့နယ်က တောင်ပေါက်ကျေးရွာနဲ့ အင်ဇုံပြင်ကျေးရွာတို့ကို စစ်ကောင်စီက ဗုံးကြဲလို့ အရပ်သား လေးဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များတယ်လို့ ဆိုပါတယ်။

 

“သေဆုံးသူက လေးဦးရှိတယ်။ ထိခိုက်ထားသူတွေလည်းများတယ်။ လိုင်းမိတဲ့နေရာမှာ ဖုန်းလာသုံးတာကို ဗုံးချသွားတာ။ ပြန်သိရတာတော့ သတင်းပေးလို့ လာချတယ်လို့ ပြောတယ်။ AA ကလည်း လိုက်စုံစမ်းနေတယ်” လို့ မြေပြင်သတင်းရင်းမြစ်တစ်ဦးက CJ Platform ကို ပြောပါတယ်။

 

အလားတူ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့မှာလည်း ပုဏ္ဏားကျွန်းမြို့ရဲ့ ယိုးတရုတ်ကျေးရွာကို ဂျက်ဖိုက်တာနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ငါးဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူတွေလည်း များပြားခဲ့ပါတယ်။

 

“ပုဏ္ဏားကျွန်းလူငယ်အဖွဲ့က ပွဲလုပ်တာပါ။ ၃၁ ရက်နေ့ အချုပ်အခြာ အာဏာကျဆုံးတဲ့နေ့ အောင့်မေ့ဖွယ်အခမ်းအနားပေါ့။ အဲဒါကို သတင်းပေးလို့ ဗုံးလာကြဲတယ် စစ်တပ်က။ ၅ ယောက်သေတယ်။ ကျန်တဲ့ ၁၀ ယောက် ဒဏ်ရာရတယ်။ ရင်နာဖို့ကောင်းတယ်။ ဖုန်းလိုင်းမရ၊ အင်တာနက်လိုင်းတော်ရုံလူ သုံးမရတာကို ပွဲလုပ်တာကို စစ်တပ်က နေရာအတိအကျသိတယ်။ လာလုပ်တယ်ဆိုတာ တော်ရုံသာမန်အရပ်သားထဲက သတင်းပေးတာတော့မဖြစ်နိုင်တော့ဘူး”လို့ ပုဏ္ဏားကျွန်း ဒေသခံ အသက် ၂၉ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောပါတယ်။

 

ရခိုင်စစ်ပွဲကာလအတွင်း ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၃ ရက်နေ့ကတည်းက ဂွနဲ့ စစ်တွေမြို့ကလွဲပြီး ရခိုင်က မြို့နယ် ၁၅ ကို စစ်ကောင်စီဘက်က ဖုန်း၊ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတာဖြစ်ပါတယ်။

 

လက်ရှိ AA က မြို့ပေါင်း ၁၅ ခုကို သိမ်းပိုက်ထားပြီးချိန်မှာလည်း စစ်ရေးလုံခြုံရေးအရ ဖုန်းလိုင်းနဲ့ Starlink အသုံးပြုတာတွေကို AA ဘက်က ကန့်သတ်ပိတ်ပင်ထားတယ်လို့ သိရပါတယ်။

 

စစ်ပွဲကာလအတွင်း ကျောက်တော်၊ မြောက်ဦး၊ မောင်တော၊ ဘူးသီးတောင်နဲ့ သံတွဲ စတဲ့ မြို့နယ်တွေမှာ လေကြောင်း တိုက်ခိုက်ခံရမှုတွေအထဲ သတင်းပေးတွေကြောင့် အထိနာရတယ်လို့ သံတွဲက အသက် ၃၈ နှစ်အရွယ် ဒေသခံအမျိုးသားတစ်ဦးကလည်း ပြောပါတယ်။

 

“သံတွဲသိမ်းပြီးခါစကဆိုရင် AA က လူကြီးပိုင်းတွေ ရပ်ရွာလူကြီးတွေနဲ့ အစည်းအဝေးလုပ်ဖို့ ချိန်းတာ။ ဒေသခံလူထုစုဝေးတုန်း ရှိသေးတယ်။ AA က တာဝန်ရှိသူတွေတောင် မရောက်သေးဘူး။ ဗုံးလာကြဲလို့ သက်ကြီးရွယ်အိုတွေ လူကြီးတွေသေကုန်ကြတယ်။ တော်ရုံစစ်တပ်က လာပစ်တာမျိုးနဲ့ မတူဘူး။ လူစုလူဝေးရှိတဲ့အချိန်မှာ အတိအကျသတင်းရပြီး လာပစ်တာမျိုးက အရမ်းထိခိုက်မှုများတယ်” လို့ သူက ပြောပါတယ်။

 

စစ်ကောင်စီကို သတင်းပေးတဲ့အထဲ သာမန်အရပ်သား၊ ဝန်ထမ်းတွေအပြင် သံဃာတော်တွေလည်း ပါဝင်နေပြီး မောင်တော နခခ -၅ တိုက်ပွဲမှာ လက်ရဖမ်းဆီးမိတဲ့ ဗိုလ်မှူးချုပ်သူရိန်ထွန်းကို သတင်းပေးတယ်ဆိုတဲ့ အထောက်အထားတွေတွေ့ရတဲ့အတွက် မောင်တော ၆ မိုင် ဆရာတော်ကို AA က ဖမ်းဆီးထားတယ်လို့ AA သတင်းရင်းမြစ်က CJ platform ကို ပြောပါတယ်။

 

ဓာတ်ပုံ- APM

 

ပုံစာ- အင်ဇုံပြင်ကျေးရွာကို ဗုံးကျရောက်ပေါက်ကွဲပြီးနောက် ပျက်စီးသွားတဲ့ တုတ်တုတ်တစ်စီးကို တွေ့ရစဉ်