ရေဖြူမြို့ထဲဝင်နေတဲ့ စစ်ကောင်စီစစ်ကြောင်းက အရပ်သား ၄ ဦးကို ဖမ်းဆီးပြီးနောက် သတ်ဖြတ်

Author မင်းထက်
Categories
Published on Jul 05, 2024

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်အတွင်း စစ်ကောင်စီစစ်ကြောင်းဝင်နေတဲ့ ငါးရက်အတွင်း အပြစ်မဲ့ပြည်သူ လေးဦး ဖမ်းဆီးသတ်ဖြတ်ခံထားရတယ်လို့ ဒေသခံများထံမှ သိရပါတယ်။

 

ဇူလိုင် ၁ ရက်နေ့က အင်အား ၁၀ဝ ခန့်ရှိတဲ့ အဲဒီစစ်ကြောင်းဟာ ဇာဒီကျေးရွာအုပ်စု၊ ခေါင်ပြန်ကျေးရွာသို့ ဝင်ရောက်လာပြီး ဒေသခံအမျိုးသမီးသုံးဦးနဲ့ အမျိုးသား ငါးဦးကိုဖမ်းဆီးခဲ့ပါတယ်။ အဲဒီထဲက အမျိုးသားလေးဦးကို သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 

စစ်ကောင်စီတပ် သတ်ဖြတ်ပြီး စွန့်ပစ်ခဲ့တဲ့ ရုပ်အလောင်းများကို ခေါင်ပြန်ရွာချောင်းအတွင်း ဇူလိုင်လ ၃ ရက်နဲ့ ၄ ရက်နေ့တို့တွင် တွေ့ရှိခဲ့တယ်လို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC)မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

“ဇူလိုင် ၁ မှာ စစ်ကြောင်းက ခေါင်ပြန်ကို ရောက်ပါတယ်။ အဲဒီကနေ ရွာခံ ရှစ်ဦးထက်မနည်းကို ဖမ်းပြီး ထားဝယ်အထူးစီးပွားရေးဇုန်တဝိုက် စစ်ကြောင်းထိုးနေတာပါ။ အခုက ဖမ်းသွားတဲ့ လူရှစ်ဦးထဲက အလောင်းလေးလောင်းကို ပြန်တွေ့တာပါ” လို့ DDMSC တာဝန်ရှိသူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

အဲဒီရုပ်အလောင်းတွေမှာ လက်ပြန်ကြိုးတုပ်ခံထားရတဲ့အပြင် ထိုးသွင်းဒဏ်ရာအများအပြားကိုလည်း တွေ့ရှိရကြောင်း မျက်မြင်တွေ့ရှိခဲ့သူဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

 

၎င်းတို့မှာ ဦးကျော်စိန် (၆၀ နှစ်)၊ ဦးအောင်ဇော်ဝင်း(၄၅ နှစ်)၊ ဦးသားသား(ခ)ဦးလိုင်းယား(၅၅ နှစ်)၊ ဦးနိုင်နိုင်(၄၁ နှစ်)တို့ဖြစ်ပြီး ဖမ်းဆီးခံ အမျိုးသမီးသုံးဦးနဲ့ အမျိုးသားတစ်ဦးတို့ကို ယနေ့ ဇူလိုင် ၅ ရက် မနက်ပိုင်းအထိ အဆက်အသွယ်မရသေးဘူးလို့ ပြောကြပါတယ်။

 

အဲဒီစစ်ကောင်စီစစ်ကြောင်းဟာ ဒီနေ့အထိ ထားဝယ်အထူးစီးပွားရေးဇုန်တဝိုက်ကို ဝင်ရောက်နေဆဲဖြစ်ပြီး ၎င်းတို့ကြောင့် ရေဖြူမြို့နယ်ထဲက ဒေသခံတချို့ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

 

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)ရဲ့ ဇူလိုင် ၄ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်း စစ်အာဏာသိမ်းမှုကာလ ၁၂၅၀ ရက်အတွင်း ပြည်သူ ၅၃၅၁ ဦး အထိ သတ်ဖြတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

 

 

 

ဓာတ်ပုံ – ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC)

 

ပုံစာ – ခေါင်ပြန်ရွာ ချောင်းအတွင်း တွေ့ရတဲ့ စစ်ကောင်စီသတ်ဖြတ်ခဲ့တဲ့ ရုပ်အလောင်းများ