စပိန်-ဂျာမနီ၊ ပေါ်တူဂီ-ပြင်သစ်တို့ရဲ့ ကွာတားဖိုင်နယ် ပွဲကြိုသုံးသပ်ချက်ဘယ်သူက ဆီမီးဖိုင်နယ်တက်မလဲ။ ဘယ်သူတွေ အိမ်ပြန်ရမလဲ?

Author မောင်ရှမ်း
Categories
Published on Jul 05, 2024

 

 

 

 

ဒီကနေ့ ဇူလိုင် ၅ ရက်ညမှာတော့ ဂျာမနီနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်အဆင့်ပွဲစဉ်တွေထဲက ၂ ပွဲကို ကျင်းပသွားဖို့ ရှိပါတယ်။ မြန်မာစံတော်ချိန် ည ၁၀ နာရီခွဲမှာတော့ စပိန်နဲ့ အိမ်ရှင် ဂျာမနီ၊ ဇူလိုင် ၆ ရက်နေ့ နံနက် ၁ နာရီခွဲမှာတော့ ပေါ်တူဂီနဲ့ ပြင်သစ်တို့ ကစားသွားမှာဖြစ်ပါတယ်။ ယခုပွဲစဉ် နှစ်ပွဲအတွက် CJ Platform ရဲ့ ပွဲကြိုသုံးသပ်ချက်တွေက ဘာတွေဖြစ်မလဲ။ ဘယ်အသင်းတွေ နိုင်မယ်လို့ ခန့်မှန်းထားပါသလဲ။ ကြည့်လိုက်ကြရအောင်

****************************************

စပိန် – ဂျာမနီ

၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်မှာ ဂျော်ဂျီယာကို ဂိုးပြတ်အနိုင်ယူပြီး ရှုံးပွဲမရှိ လေးပွဲဆက်အနိုင်နဲ့ ဒီအဆင့်ကို တက်လာခဲ့တဲ့ စပိန်အသင်းဟာ ပြိုင်ပွဲတစ်လျှောက်လုံးမှာ ပေးဂိုး ၁ ဂိုးတည်းသာ ခွင့်ပြုထားခဲ့ရတဲ့အသင်းဖြစ်သလို ဂျာမနီပြီးနောက် ပြိုင်ပွဲရဲ့ တိုက်စစ်အကောင်းဆုံးအသင်းလည်း ဖြစ်နေပါတယ်။ စပိန်ရဲ့ ကစားပုံဟာ ရှေ့၊ လယ်၊ နောက် တည်ငြိမ်မှုရှိနေပြီး ဘယ်အသင်းကိုမဆို အလဲထိုးနိုင်တဲ့ စွမ်းဆောင်ရည်မျိုးလည်းပြသထားနိုင်ပါတယ်။

 

ဂျာမနီအသင်းကလည်း အိမ်ရှင်အားသာချက်ရှိနေသလို ဒီပြိုင်ပွဲရဲ့တိုက်စစ်အကောင်းဆုံးအသင်းအဖြစ် ၄ ပွဲမှာ ၁၀ ဂိုးအထိ သွင်းထားနိုင်တဲ့ တိုက်စစ်ကို ပိုင်ဆိုင်ထားတာပါ။ ဒီပွဲမှာ ဂျာမနီကွင်းလယ်က တိုနီခရူးစ်၊ ဂန်ဒိုဂမ်အတွဲနဲ့ စပိန်ကွင်းလယ်ရဲ့ ရိုဒရီ၊ ပတ်ဒရီအတွဲတို့ အားပြိုင်မှုကို မြင်တွေ့ရဖို့ ရှိနေသလို ဂျာမနီရဲ့ လူငယ်ကြယ်ပွင့်တွေဖြစ်တဲ့ မူစီယယ်လာ၊ ဝှစ်ဇ်နဲ့ စပိန်ရဲ့ ယာမယ်လ်၊ ဝီလီယံတို့ရဲ့ စွမ်းဆောင်ရည်ကောင်းတွေကိုလည်း ရှုစားကြရမှာပါ။

 

ယူရိုပြိုင်ပွဲကြီးအဆင့်မှာ ဂျာမနီနဲ့ စပိန်တို့ လေးကြိမ်မြောက် တွေ့ဆုံကြတာဖြစ်ပြီး အခုမတိုင်ခင် တွေ့ဆုံခဲ့တဲ့ သုံးကြိမ်မှာ စပိန်က နှစ်ကြိမ်၊ ဂျာမနီက တစ်ကြိမ် နိုင်ထားပါတယ်။ စပိန်အတွက် မှတ်တမ်းဆိုးတစ်ခုကလည်း စောင့်ကြိုနေပါတယ်။ အဲဒါကတော့ ကမ္ဘာ့ဖလားနဲ့ ယူရိုပြိုင်ပွဲတို့ရဲ့ ရှုံးထွက်အဆင့်မှာ အိမ်ရှင်အသင်းတွေကို ဘယ်တုန်းကမှ အနိုင်မရဖူးတာပါပဲ။ ဒီပွဲဟာ ဒီနှစ်ယူရိုပြိုင်ပွဲရဲ့ စိတ်လှုပ်ရှားစရာအကောင်းဆုံးပွဲစဉ်ဖြစ်လာဖို့ ရှိနေပြီး နောက်တစ်ဆင့်တက်မယ့်အသင်းဆိုရင်တော့ အိမ်ရှင်ဂျာမနီကိုပဲ ရွေးချယ်ချင်ပါတယ်။

 

ခန့်မှန်းချက် – စပိန် ၁ – ၂ ဂျာမနီ

****************************************

 

ပေါ်တူဂီ – ပြင်သစ်

 

ပေါ်တူဂီကတော့ ၁၆ သင်းအဆင့်မှာ ဆလိုဗေးနီးယားကို ပွဲချိန်အတွင်း ဂိုးမရှိသရေသာကစားနိုင်ခဲ့ပြီး ပင်နယ်တီအဆုံးအဖြတ်မှာ ဂိုးသမား ကော်စတာက လက်စွမ်းပြပြီး သုံးလုံးဆက်တိုက် ကာကွယ်နိုင်ခဲ့တာကြောင့် ကွာတားဖိုင်နယ်ကို တက်ရောက်လာတာပါ။ သူတို့ဟာ အဖွင့် ၂ ပွဲဆက်အနိုင်ရခဲ့ပေမဲ့ အုပ်စုနောက်ဆုံးပွဲစဉ်မှာလည်း ဂျော်ဂျီယာကို ရှုံးနိမ့်ခဲ့ပါတယ်။ ဘာနာဒိုဆေးလ်ဗား၊ ဘရူနို ဖာနန်ဒက်စ်တို့ရှိနေတဲ့ ကွင်းလယ်က အားကောင်းနေပေမဲ့ အဆုံးသတ်ပိုင်းမှာ အားနည်းချက်ရှိနေပါတယ်။

 

ပြင်သစ်ကတော့ ဗိုလ်စွဲဖို့ ရေပန်းစားတဲ့အသင်းဆိုပေမဲ့ လက်ရှိအချိန်ထိ သွင်းဂိုး ၃ ဂိုးသာ ရထားသေးသလို ၂ ဂိုးက ပြိုင်ဘက်တွေ ကိုယ့်ဂိုးကိုယ်သွင်းယူမိရာကနေ ရခဲ့တာဖြစ်ပြီး ၁ ဂိုးကတော့ ပင်နယ်တီကနေ ရထားတာပါ။ တိုက်စစ်မှာ အမ်ဘတ်ပေ၊ ဒမ်ဘီလီ၊ ဂရက်ဇ်မန်း၊ မားကပ်စ် သူရမ်နဲ့ ကိုလို မူအာနီတို့လို ထိပ်တန်းကစားသမားတွေကို ပိုင်ဆိုင်ထားပေမဲ့ အံ့အားသင့်စရာကောင်းလောက်အောင် ဂိုးကံခေနေတာပါ။

 

ပြင်သစ်အနေနဲ့ ပေါ်တူဂီကို ယူရို ၂၀၁၆ ရဲ့ ဗိုလ်လုပွဲမှာ အရေးနိမ့်ထားခဲ့တာကြောင့် ဒီပွဲမှာ ရှုံးကြွေးဆပ်နိုင်ဖို့ ကြိုးစားလာမှာသေချာပါတယ်။ ကစားသမားအင်အားအရလည်း အသာရနေသလို ကစားပုံလည်း အများကြီးပိုသာတဲ့ ပြင်သစ်တို့ နိုင်ပွဲရယူပြီး ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းသွားနိုင်ပါတယ်။

 

ခန့်မှန်းချက် – ပေါ်တူဂီ ဝ – ၁ ပြင်သစ်

 

 

ဓာတ်ပုံ – Sky Sport

 

Related News

Depend on news