အိုးဘိုမှ မကွေးထောင်သို့ပြောင်းလာတဲ့ နိုင်/ကျဉ်းများ ရိုက်နှက်နှိပ်စက်ခံရတဲ့အပြင် ဆယ်ဦး တိုက်ပိတ်ခံရ

Author လဂွန်းအိမ်
Categories
Published on Jul 04, 2024

မ‌န္တလေးတိုင်း၊ အိုးဘိုဗဟိုအကျဉ်းထောင်မှ မကွေးထောင်သို့ ပြောင်းရွှေ့လာတဲ့ နိုင်ငံရေးအကျဉ်းသားများကို ခြေကျင်းဒေါက်မဖြုတ်ပေးဘဲ ရိုက်နှက်တဲ့အပြင် ဆယ်ဦးတိုက်ပိတ်ခံခဲ့ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ဒီနေ့ ဇူလိုင် ၄ ရက်မှာ ထုတ်ပြန်ပါတယ်။

 

ယခုနှစ် ဇွန် ၁၅ ရက်နေ့က အိုးဘိုအကျဉ်းထောင်မှ အကျဉ်းသား ၇၀ ကျော်ကို မကွေးနဲ့ မြင်းခြံထောင်တို့ဆီ ပြောင်းရွှေ့ခဲ့တဲ့အထဲ မကွေးထောင်သို့ အကျဉ်းသား ၄၀ ရောက်ရှိလာတာ ဖြစ်ပါတယ်။

 

ထောင်ပြောင်းရောက်ရှိလာတဲ့ အကျဉ်းသားတွေကို ဇွန်လ ၁၆ မှာ စည်းကမ်းထိန်းသိမ်းရေးရုံး(Main Jail)သို့ ခေါ်ယူပြီးနောက် နိုင်/ကျဉ်းများကို ၁၄ ရက်ကြာ ခြေကျင်း(ဒေါက်)မဖြုတ်ပေးဘဲ ထားခဲ့တယ်လို့ ဆိုပါတယ်။

 

“ဒေါက်ပါခတ်တဲ့အတွက် ပိုပြီးဆိုးပါတယ်။ ဘာအပြစ်မှ ကျူးလွန်ထားခြင်းမရှိဘဲ ထောင်ပြောင်းလာတာနဲ့ နှစ်ပတ် ခြေချင်းဒေါက်ခတ်တာက လူသားတွေကို လူလိုမသတ်မှတ်တဲ့အပြင် နိုင်ငံရေးအကျဉ်းသားကိုမှ သီးသန့်ခွဲလုပ်တာက လုပ်ပိုင်ခွင့်ကိုအသုံးချပြီး ဖိနှိပ်တယ်လို့ယူဆပါတယ်” လို့ PPNM ရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက CJ Platform ကို ပြောပါတယ်။

 

အဆောင်မှ နေ့စဉ်ခေါ်ထုတ်ရိုက်နှက်ခံနေရတဲ့အတွက် နိုင်/ကျဉ်း ဆယ်ဦးစုပေါင်းပြီး အဘယ့်ကြောင့် ယခုလို ရိုက်နှက်သလဲလို့မေးမြန်းခဲ့လို့ ၎င်းတို့ကို ဦးဆောင်သူလို့ဆိုကာ ထပ်မံရိုက်နှက်တဲ့အပြင် တိုက်ပိတ်ထားကြောင်း PPNM ထံမှ သိရပါတယ်။

 

အိုးဘိုထောင်ပြောင်း နိုင်/ကျဉ်းများဟာ ရေချိုးရာမှာလည်း ပုံမှန်ရေချိုးခွက်ဖြင့် စုစုပေါင်း ၁၅ ခွက်သာ ချိုးခွင့်ပေးခဲ့တယ်လို့ ကိုသိုက်ထွန်းဦးက ပြောပါတယ်။

 

မကွေးထောင်တွင် ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်း NLD မကွေးတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာ အောင်မိုးညိုရဲ့ ကိုယ်ရေးအရာရှိကို စာရွက်နဲ့ ဘောပင်တွေ့လို့ဆိုကာ တစ်ပေ သံဒေါက်ပါထည့်ပြီး တိုက်ပိတ်ထားခံရဖူးပါတယ်။

 

ယခုနှစ် ဇန်နဝါရီ ၂၂ ရက်ကလည်း ဆေးကုသခွင့်လုံလောက်စွာမရခဲ့လို့ ၂၂ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသူတစ်ဦး သေဆုံးခဲ့ပါသေးတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်