အစ္စရေးထောင်ထဲသေဆုံးခဲ့ရသည့် ဂါဇာက နာမည်ကျော် ခွဲစိတ်ဆရာဝန်

Published on May 04, 2024

ပါလက်စတိုင်း၊ ဂါဇာကမ်းမြောင်ဒေသတွင် ထင်ရှားသည့် ခွဲစိတ်ဆရာဝန် ဒေါက်တာ အဒ်နန် အယ်လ်ဘာ့ရှ် (Adnan Al-Bursh)သည် အစ္စရေးထောင်ထဲတွင် သေဆုံးသွားပြီဖြစ်သည်။

 

၎င်းကို အစ္စရေးဘက်က လေးလကျော်ကြာ ဖမ်းဆီးထိန်းသိမ်းထားခံရပြီးနောက် ဧပြီ ၁၉ ရက်နေ့က အကျဉ်းထောင်အတွင်း သေဆုံးသွားခဲ့သည်ဟု ပါလက်စတိုင်း အကျဉ်းသားများအဖွဲ့အစည်းများ၏ ပြောကြားချက်များအရ သိရသည်။

 

ဂါဇာစီးတီးရှိ အယ်လ်ရှီဖာဆေးရုံ၏ အရိုးကုသရေးဌာန၏ ဌာနမှူးဖြစ်သူ ဒေါက်တာ အဒ်နန် အယ်လ်ဘာ့ရှ်သည် အနောက်ဘက်ကမ်းခြေရှိ အစ္စရေးတို့ သိမ်းပိုက်ထိန်းချုပ်ထားသော အိုဖာ အကျဉ်းထောင်အတွင်း သေဆုံးခဲ့ကြောင်း အစ္စရေးအကျဉ်းထောင် အာဏာပိုင်များ၏ ပြောကြားချက်အရ သိရသည်ဟု ပါလက်စတိုင်းအကျဉ်းသားများအဖွဲ့အစည်းနှင့် ဖမ်းဆီးထိန်းသိမ်းခံရသူများရေးရာ ကော်မရှင်တို့၏ ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ဒေါက်တာ အယ်လ်ဘာ့ရှ်နှင့် အခြားကျန်းမာရေးဝန်ထမ်း (၁၀) ဦးတို့သည် ယမန်နှစ် ဒီဇင်ဘာလအတွင်း ဂျာဘာယာ ဒုက္ခသည်စခန်းကို အစ္စရေးတို့က မြေပြင်ထိုးစစ်ဆင်နွှဲခဲ့သည့် အချိန်ကတည်းက ဖမ်းဆီးခံခဲ့ရသည်ဟု သိရသည်။

 

ဖမ်းဆီးခံရသည့်အချိန်တွင် ဒေါက်တာ အယ်လ်ဘာ့ရှ်သည် အယ်လ်အော်ဒါ ဆေးရုံတွင် ကျန်းမာရေး ကုသမှုများပေးနေသည့်အခိုက်တွင် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်များအရ သိရသည်။

 

သူ၏ ရုပ်အလောင်းကိုမူ အစ္စရေး အာဏာပိုင်များက ယခုအချိန်အထိ ထုတ်ပြခြင်းမရှိသေးပေ။

 

အဆိုပါသေဆုံးမှုအတွက် အကျဉ်းသားအဖွဲ့အစည်းများက အစ္စရေးတို့ကို ပြစ်တင်ရှုတ်ချခဲ့ပြီး ယခုကဲ့သို့ လုပ်ဆောင်ခြင်းသည် ဂါဇာဒေသရှိ ဆေးပညာရှင်များနှင့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်တို့ကို စနစ်တကျ ပစ်မှတ်ထားတိုက်ခိုက်ခြင်းများ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟုလည်း ဆိုကြသည်။

 

“ဒီသတင်းက လူတိုင်းအတွက်၊ သူ့မိသားစုအတွက်၊ အယ်လ်ရှီဖာဆေးရုံက ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဒေါက်တာအဒ်နန်ရဲ့ လူနာတွေအတွက် တကယ့်ကို ကြေကွဲစရာ သတင်းပါပဲ” ဟု အယ်လ်ရှီဖာဆေးရုံ၏ ဒါရိုက်တာဖြစ်သူ မာဝမ်အဘူ ဆဒ်ဒါက CNN သတင်းဌာနသို့ ပြောခဲ့သည်။

 

“ဒါက ကျွန်တော်တို့ နောက်ဆုံးမျှော်လင့်ထားတဲ့ အရာပါပဲ။ ဒါကြီးကို စိတ်ထဲမှာ လက်ခံလိုက်ဖို့ကတော့ အတော်ကိုခက်ခဲပါတယ်။ ဒေါက်တာ အဒ်နန်က သူ့ရဲ့ဘဝကိုခင်တွယ်တယ်။ ရွှင်လန်းတက်ကြွတယ်။ လူတိုင်းကလည်း သူ့ကိုချစ်ကြတယ်” ဟု ၎င်းက ဆက်ပြောသည်။

 

ဒေါက်တာ အယ်လ်ဘာ့ရှ်၏ တူဖြစ်သူ မိုဟာမက်ဒ် အယ်လ်ဘာ့ရှ်က ဦးလေးဖြစ်သူ သေဆုံးကြောင်းကို ကြာသာပတေးနေ့(မေ ၂ ရက်) နေ့လယ်တစ်နာရီခန့်တွင် ပါလက်စတိုင်းအကျဉ်းသားအဖွဲ့အစည်းထံမှ သိရှိခဲ့ရသည်ဟု CNN သတင်းဌာနကို ဖုန်းအင်တာဗျူးတွင် ပြောကြားခဲ့သည်။

 

“သူ့အမျိုးသမီးနဲ့ ကျွန်တော့်အဖေကို ကျွန်တော်ဘယ်လို ပြောပြရမှန်းတောင်မသိတော့ပါဘူး။ ဒီလိုသတင်းမျိုး ဆိုတာကလည်း နှုတ်ပိတ်ဖို့ကခက်တယ်လေ။ လူတွေ တွေးကြည့်နိုင်တာထက်ကို ကျွန်တော်တို့ ပိုပြီးတုန်လှုပ်ရပါတယ်။ ကျွန်တော်တို့တကယ်ပဲ နာကျင်ရပါတယ်” ဟု သူက ဆက်ပြောသည်။

 

မွေးချင်းကိုးဦးအနက် အငယ်ဆုံးဖြစ်သူ ဒေါက်တာအယ်လ်ဘာ့ရှ်သည် ဆရာဝန်တစ်ဦးအဖြစ်သာမက ပါလက်စတိုင်းအမျိုးသားဘောလုံးအသင်း၏ အားကစားအကြံပေးတစ်ဦးလည်းဖြစ်သည်ဟု တူဖြစ်သူက ဆိုသည်။

 

သူ့ဦးလေးသည် ဂါဇာစစ်ပွဲအပြင်းအထန်ဖြစ်ပွားနေသည့်အချိန်များ၌ နံနက်ပိုင်းတွင် ကမ်းခြေတွင် အပြေးလေ့ကျင့်ခြင်းနှင့် အားကစားလုပ်ခြင်းတို့ကို အချိန်တစ်နာရီခန့်ယူခဲ့သည်မှလွဲ၍ ကျန်အချိန်များတွင် မနားမနေ အလုပ်လုပ်ခဲ့သည်ဟု သူက ဆက်ပြောသည်။

 

“၂၀၂၃ အောက်တိုဘာ ၁၀ ရက်နေ့လောက်ကစပြီး သူက အချိန်ရှိသရွေ့ အယ်လ်ရှီဖာဆေးရုံမှာပဲ နေတော့တာပဲ။ နှစ်ပတ်လောက်ကြာတဲ့ထိတောင် သူ့အမျိုးသမီးကိုလာပြီး မတွေ့ခဲ့ဘူး” ဟု မိုဟာမက်ဒ်က ဆိုသည်။

 

အယ်လ်ရှီဖာဆေးရုံကို အစ္စရေးတို့ ပထမအကြိမ် ကျူးကျော်ထိုးစစ်ဆင် ဝင်ရောက်လာစဉ်တွင် ဒေါက်တာ အယ်လ်ဘာ့ရှ်အပါအဝင် ကျန်းမာရေးဝန်ထမ်းများကို ဆေးရုံမှ ထွက်ခွာကာ ဂါဇာတောင်ဘက်ပိုင်းသို့ ထွက်သွားရန်နှင့် ထွက်မသွားပါက ဖမ်းဆီးခံရမည်ဟု ပြောဆိုခဲ့သည်ဟု မိုဟာမက်ဒ်က CNN သတင်းဌာနသို့ ပြောသည်။

 

ဒေါက်တာ အယ်လ်ဘာ့ရှ်သည် အစ္စရေးတပ်များ၏ အမိန့်ကို လိုက်နာကာ တောင်ဘက်ပိုင်းသို့ ခေတ္တတိမ်းရှောင်ခဲ့ပြီး လမ်းခရီးစိတ်ချရပြီဟု ခံစားရသည့်အချိန်တွင် ဂါဇာမြောက်ပိုင်းသို့ ပြန်သွားခဲ့ကြောင်း၊ သူ၏ ဦးလေးဖြစ်သူသည် ဂါဇာဒေသရှိ ဆေးရုံတစ်ရုံပြီး တစ်ရုံ ပြောင်းရွှေ့နေခဲ့ပြီး အဆိုပါ ဆေးရုံများသည်လည်း အစ္စရေးတို့၏ ကျူးကျော်တိုက်ခိုက်ခြင်းများကို ခံခဲ့ရသည်ဟု မိုဟာမက်ဒ်ကဆိုသည်။

 

မိုဟာမက်ဒ်၏ အဆိုအရ ဒေါက်တာအယ်လ်ဘာ့ရှ်သည် ဂျာဘာယာဒုက္ခသည်စခန်း၏ အမိုးအကာများအောက်တွင် ခိုလှုံရန် ရွေးချယ်ခွင့်ရှိသော်လည်း ဆေးကုသမှုများဆက်လက်လုပ်ဆောင်ရန် ရွေးချယ်ခဲ့ပြီး အလုပ်များဆက်လုပ်နေသည်မှာ အစ္စရေးတပ်တို့၏ ဖမ်းဆီးခြင်းခံခဲ့ရသည့် ဒီဇင်ဘာ ၁၄ ရက်နေ့အထိပင်ဖြစ်သည်။

 

အာဏာပိုင်များနှင့် ရှေ့နေများမှတစ်ဆင့် သူ၏ ဦးလေးဖြစ်သူဖမ်းဆီးခံရသည့်ကိစ္စနှင့် ပတ်သက်သည့် သတင်းအချက်အလက်များရရှိရန် ကြိုးပမ်းခဲ့သော်လည်း သတင်းအမှောင်ချခြင်းသာ ကြုံခဲ့ရသည်ဟု သူကဆက်ပြောသည်။

 

မိုဟာမက်ကဲ့သို့ပင် အဘူဆဒ်ဒါသည်လည်း ဒေါက်တာ အယ်လ်ဘာ့ရှ်ဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ အစ္စရေး အာဏာပိုင်တို့ထံ စုံစမ်းခဲ့သော်လည်း မည်သည့်သတင်းအချက်အလက်မျှ မရရှိခဲ့ပေ။

 

ဒေါက်တာ အယ်လ်ဘာ့ရှ်နှင့်အတူ ဖမ်းဆီးထိန်းသိမ်းခံရရာမှ ပြန်လည်လွတ်မြောက်လာသူတစ်ဦးကမူ ခွဲစိတ်ဆရာဝန်သည် ညှဉ်းပန်းနှိပ်စက်ခံရကာ သတ်ဖြတ်ခြင်းခံခဲ့ရသည်ဟု အဘူဆဒ်ဒါကို ပြန်လည်ပြောပြခဲ့သည်ဟု သိရသည်။

 

ဒေါက်တာအယ်လ်ဘာ့ရှ်သည် ဖမ်းဆီးထိန်းသိမ်းခံရစဉ်အတွင်း ညှဉ်းပန်းနှိပ်စက်ခံရသည်ဆိုသည်ကို CNN သတင်းဌာနအနေဖြင့် သီးခြားအတည်မပြုနိုင်သေးဟု ဆိုသည်။

 

သို့သော် အစ္စရေးတို့ဖမ်းဆီးခံထားရခြင်းများမှ ပြီးခဲ့သည့်လများအတွင်း ပြန်လည်လွတ်မြောက်လာသည့် သူများက အစ္စရေးတို့သည် ဂါဇာစစ်ပွဲအတွင်း ဖမ်းဆီးရမိသည့်သူများကို စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုများ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နေကြသည်ဟု သက်သေထွက်ဆိုကြသည်။

 

အစ္စရေးစစ်တပ်ကမူ ဖမ်းဆီးထိန်းသိမ်းထားသူများကို နိုင်ငံတကာဥပဒေနှင့်အညီ ထိန်းသိမ်းထားသည်ဟု ယခင်က ဆိုထားသည်။

 

CNN သတင်းဌာနကရရှိထားသည့်

ကုလသမဂ္ဂ(UN)မှ အချက်အလက်စုဆောင်းထားသည့် ပုံနှိပ်ထုတ်ဝေထားခြင်းမပြုရသေးသော အစီရင်ခံစာအတွင်း အစ္စရေးစစ်တပ်သည် ဖမ်းဆီးထိန်းသိမ်းထားသည့်သူများကို ရိုက်နှက်ခြင်း၊ အိပ်ချိန်လုံလုံလောက်လောက်မရအောင်လုပ်ခြင်း၊ အမျိုးသားရော အမျိုးသမီးများကိုပါ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနှင့် ခြိမ်းခြောက်မှုများ လုပ်ဆောင်လျက်ရှိသည်ဟု ဖော်ပြထားသည်။

 

ပြီးခဲ့သည့်ကြာသပတနေးနေ့နံနက်ပိုင်းတွင် အစ္စရေးတို့သည် နိုင်ငံတောင်ပိုင်းရှိ ကီရန်ရှလွန်မှတစ်ဆင့် ဖမ်းဆီးထိန်းသိမ်းထားသူ ဒါဇင်ပေါင်းများစွာကို ပြန်လည်လွှတ်ပေးခဲ့သည်။

 

ပြန်လည်လွှတ်ပေးမှုတွင် အစ္စရေးတို့၏ အချုပ်ခန်းအတွင်း သေဆုံးခဲ့ရသည့် ဂါဇာဒေသမှ ပါလက်စတိုင်းလူမျိုး အစ္စမေးလ်ခါဒါဆိုသူ၏ ရုပ်အလောင်းပြန်လည်ပေးအပ်ခြင်းပါ ပါဝင်သည်ဟု ပါလက်စတိုင်းအကျဉ်းသားများအဖွဲ့အစည်းများ၏ ပူးတွဲထုတ်ပြန်ချက်အရ သိရသည်။

 

ယမန်နှစ် အောက်တိုဘာ ၇ ရက်နေ့မှ စတင်ကာဖမ်းဆီးထိန်းသိမ်းခံထားရသည့် ပါလက်စတိုင်း အကျဉ်းသား (၁၈) ဦးသည် အစ္စရေးတို့၏ အချုပ်ခန်းအတွင်း သေဆုံးခဲ့ရသည်ဟု အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။

 

အစ္စရေးတောင်ပိုင်းတွင် လူပေါင်း (၁၂၀၀) ကျော်သေဆုံးကာ ဓားစာခံပေါင်း (၂၀၀) ကျော်ဖမ်းဆီးသွားသည့် ဟားမက်စ်တို့၏ အောက်တိုဘာ (၇) ရက်နေ့ တိုက်ခိုက်မှုအပြီးတွင် ဂါဇာဒေသကို အစ္စရေးတို့ဘက်က တန်ပြန်ထိုးစစ်ဆင်ခဲ့ရာမှ ဂါဇာစစ်ပွဲ အစပြုခဲ့ခြင်းလည်းဖြစ်သည်။

 

အစ္စရေးတို့၏ စစ်ရေးအရပြန်လည်တုံ့ပြန်မှုသည် ထိုစဉ််ကတည်းက ဂါဇာဒေသတွင် လူသားချင်းစာနာထောက်ထားမှုနှင့်ပတ်သက်၍ ကပ်ဆိုးကြီးတစ်ခုဖြစ်စေခဲ့ပြီး တစ်ကမ္ဘာလုံးကိုလည်း ဒေါသထွက်စေခဲ့သည်။

 

ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးတို့၏ ခုနစ်လတာ ဗုံးကြဲမှုများအတွင်း လူပေါင်း (၃၄,၆၀၀) ကျော် သေဆုံးခဲ့ရသည်ဟု ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။ ဂါဇာဒေသရှိ လူပေါင်း ၂ ဒသမ ၂ သန်း၏ ထက်ဝက်ခန့်သည် အစာရေစာပြတ်လုနီးအခြေအနေကြုံတွေ့နေရပြီး လူကြောင့်ဖြစ်သည့် အစာရှားပါးငတ်မွတ်မှုကပ်ဘေးကြီးနှင့် နီးကပ်လာနေပြီဟုလည်း ကုလသမဂ္ဂ အေဂျင်စီများ၏ တိုင်းထွာချက်များအရ သိရသည်။

 

ဂါဇာကမ်းမြောင်တောင်ပိုင်း ရာဖာမြို့တွင်လုပ်ဆောင်နေသာ အစ္စရေးတို့၏ စစ်ဆင်ရေးအပေါ်တွင်လည်း စိုးရိမ်မှုများ မြင့်တက်လျက်ရှိပြီး အပစ်အခတ်ထပ်မံရပ်စဲရန် တိုက်တွန်းနှိုးဆော်ခြင်းများလည်း ရှိနေသည်။

 

ဂါဇာဒေသရှိ ဆေးရုံနှင့် အနီးပတ်ဝန်းကျင်များကို အစ္စရေးတို့က တိုက်ခိုက်ခြင်းများနှင့်ပတ်သက်၍ ပြင်းပြင်းထန်ထန်ဝေဖန်မှုများလည်း ရှိနေပြီး ဂါဇာဒေသတွင်းတွင် ကျန်းမာရေးစနစ်မှာ ပြိုလဲလုနိးဖြစ်နေသည်ဟုလည်း ကျန်းမာရေးအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သည့်အဖွဲ့အစည်းများ (NGOs) များက သတိပေးနေကြသည်။

 

အစ္စရေးတို့ကမူ ဟားမက်စ်တို့သည် ဆေးရုံအဆောက်အုံများမှတဆင့် ဥမင်လှိုဏ်ခေါင်း ကွန်ရက်များလုပ်ကာ စစ်ဆင်ရေးများပြုလုပ်နေသည့်အတွက် ဆေးရုံအဆောက်အဦးများကို ကျူးကျော်ဝင်ရောက်တိုက်ခိုက်ရခြင်းဖြစ်သည်ဟု ခုခံကာကွယ်ပြောဆိုသည်။

 

ဂါဇာဒေသရှိ ဆေးရုံအသီးသီး၏ ကျန်းမာရေးဝန်ထမ်းများနှင့် ဟားမက်စ်တို့က အစ္စရေးတို့၏ ပြောဆိုချက်ကို ငြင်းဆိုထားပြီး အစ္စရေးတို့သည် ၎င်းတို့၏ ပြောဆိုချက်များကို သက်သေပြရန်အတွက် နိုင်ငံတကာ၏ ဖိအားပေးခြင်းကိုလည်း ခံနေရသည်။

 

အစ္စရေးအကျဉ်းထောင်တွင် သေဆုံးခဲ့ရသည့် ဒေါက်တာအယ်လ်ဘာ့ရှ်တွင် ဖခင်ဖြစ်သူ၏ မျက်နှာကိုမမြင်ရသည်မှာ ငါးလနီးပါးကြာပြီဖြစ်သည့် သုံးနှစ်အရွယ်အငယ်ဆုံးကလေးအပါအဝင် သားသမီးငါးဦး အသက်ရှင်ကျန်ရစ်ခဲ့သည်။

 

“မနေ့က ဒီကြေကွဲစရာကောင်းတဲ့ အိမ်ကြီးထဲကို ကျွန်တော်လမ်းလျှောက်ဝင်လာတော့ ကလေးနှစ်ယောက်ဟာ သူတို့အဖေကို တွေ့ရတော့မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ခုန်ပေါက်နေတာကို တွေ့လိုက်ရတယ်။ သူတို့အဖေ လူ့လောကထဲမှာ မရှိတော့ဘူးဆိုတာ သူတို့မသိကြဘူးလေ” ဟု တူဖြစ်သူက မျက်ရည်များကို ထိန်းရင်းပြောသည်။

 

ဒေါက်တာ အယ်လ်ဘာ့ရှ်၏ လူမှုကွန်ရက် X တွင် နောက်ဆုံးတင်ထားသည့်ပုံမှာ ဂါဇာဒေသရှိ အပျက်အစီးများကြားတွင် ခွဲစိတ်ခန်းဝင်ရန် ဝတ်စုံပြည့်ဖြင့်ရပ်နေသည့် သူ့ကာတွန်းပုံဖြစ်ပြီး အာရဗီဘာသာစကားဖြင့် “ငါတို့ ဘယ်တော့မှ ဒူးထောက်မှာ မဟုတ်ဘူး ငါတို့မတ်တပ်ရပ်ပြီး အသေပဲ ခံလိုက်မယ်။ မြစ်ဝှမ်းဒေသမှာ ကျောက်တုံးတွေချည်းပဲ ကျန်ခဲ့မယ်ဆိုရင်တောင် ငါတို့တွေဟာ ကျောက်တုံးတွေဖြစ်တယ်” ဟူသောစာဖြင့် ပူးတွဲတင်ထားခဲ့ခြင်းဖြစ်သည်။

 

ကိုးကား – CNN

 

ဓာတ်ပုံ- Adnan Albursh