စေတုတ္တရာ PDF တွေက မကွေးနဲ့ ချင်းပြည်နယ်က ကျေးရွာတွေကို လှည့်လည်ဆေးကုပေးနေ
စေတုတ္တရာမြို့နယ်နဲ့ ကန်ပက်လက်မြို့နယ်က စစ်ဘေးရှောင်တွေနဲ့ ဒေသခံတွေနေထိုင်တဲ့ ကျေးရွာ ၁၅ ရွာခန့်ကို ရက် ၂၀ ကျော်ကြာ ဆေးကုသမှုတွေ လှည့်လည်ဆောင်ရွက်ခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးအင်အားစု -စေတုတ္တရာရဲ့ တာ၀န်ရှိသူတစ်ဦး ပြောပါတယ်။
အဲဒီလိုဆေးကုသမှုတွေကို ဇန်န၀ါရီ ၁၀ ရက်ကစတင်ကုသပေးခဲ့ပြီး ဒေသတွင်းကျန်းမာရေး အသိကျန်းမာရေးသတိ မြင့်မားစေရေးအတွက် တပ်ရင်းတပ်ဖွဲ့က စီစဥ်ဆောင်ရွက်ခဲ့တာဖြစ်တယ် လို့ သိရပါတယ်။
“ဒီဒေသတွေက သွားလမ်းဆက်သွယ်ရေး ခက်ခဲတယ်၊ ဆေး၀ါးစောင့်ရှောက်မှုကနည်းတယ် ကျန်းမာရေအသိ ကျန်းမာရေးသတိနည်းတာကြောင့် ကျန်းမာရေးပညာပေးလုပ်ချင်တာရယ် ကျောင်းကျန်းမာရေး ပညာပေး လုပ်ချင်တာကြောင့် လုပ်ဖြစ်ခဲ့တာပါ” လို့ ပြည်သူ့လွတ်မြောက်ရေးအင်အားစု -စေတုတ္တရာရဲ့ တပ်ရင်းမှုးက CJ Platform ကိုပြောပါတယ်။
ဆေးကုမှုဆောင်ရွက်ခဲ့ရာမှာ သွားလာရေးခက်ခဲတဲ့ PDF စိုးမိုးနယ်မြေရှိဒေသခံတွေနဲ့ စစ်ရှောင် ၁၅၀၀ ခန့်ကို ကုသပေးခဲ့တာဖြစ်ပြီး ဒေသခံတွေမှာ ဆီးချို ၊ သွေးချို ၊ သွေးတိုး နဲ့ ဖျားနာခြင်းစတဲ့ဝေဒနာတွေ အများစုခံစားနေရတယ်လို့သိရပါတယ်။
” ခုဖြစ်နေတဲ့အခြေနေမှာ တန်းလို့လည်း မကုသရဘူးလေ။ တောထဲတောင်ထဲမှာနေကြတော့ ဖျားနာရင်လည်း ချက်ခြင်းဆေးထိုးမှုတွေ ဆေးသောက်မှုတွေ မလွယ်တော့ တော်တော်အခက်ခဲရောက်ကြပါတယ်။ ခုလိုတွေလာကုသပေးတော့ အားလုံးတူတူ၀မ်းသာကြတယ်” လို့ ဒေသခံစစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။
အဲဒီဒေသခံတွေအတွက် ၂၀၂၂ နှစ်ကုန်ပိုင်းကစတင်ကုသပေးခဲ့တာ ယခုတစ်ကြိမ်ဟာ တတိယအကြိမ်မြောက် ဆေးကုသပေးတာဖြစ်ပြီး အခက်ခဲတွေလည်း ရှိနေတယ်လို့ ပြည်သူ့လွတ်မြောက်ရေးအင်အားစု -စေတုတ္တရာရဲ့ဆေးတပ်ဖွဲ့ရဲ့ တာ၀န်ရှိသူ တစ်ဦးက ပြောပါတယ်။
“လမ်းခရီးအခက်ခဲတွေရှိတယ် ၊ အဓိကကတော့ ဆေး၀ါးပေါ့နော် ကိုယ့်ဘက်က ကုသပေးချင်ပေမယ့် ဆေး၀ါးမပြည့်စုံတော့ ကုသဖို့အခက်ခဲတွေ ရှိပါတယ်” လို့ပြောပါတယ်။
ဆေးကုသခြင်းအတွက် People Supporter Foundation နဲ့ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ဒေသခံကျေးရွာ၊ စာသင်ကျောင်းတွေနဲ့ စစ်ရှောင်ပြည်သူတွေအတွက် ပူးပေါင်းကာ ကျန်းမာရေး အသိပညာပေးဟောပြောပွဲတွေ ၊ ဆေးကုသမှုတွေ ဆောင်ရွက်ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ပြည်သူ့လွတ်မြောက်ရေးအင်အားစု- စေတုတ္တရာ အဖွဲ့ဟာ မကွေးတိုင်း ၊ မင်းဘူးခရိုင် ၊ စေတုတ္တရာမြို့နယ်အတွင်းအဓိကစစ်ရေးလှုပ်ရှားမှုတွေဆောင်ရွက်နေတဲ့ အဖွဲ့စည်းတစ်ခုဖြစ်ပါတယ်။
ဓာတ်ပုံ -ပြည်သူ့လွတ်မြောက်ရေးအင်အားစု -စေတုတ္တရာ ( မင်းဘူးခရိုင်တပ်ရင်း – ၃)