ငယ်ဘဝ လွမ်းစရာ့ တွန်းလှည်းမီးပုံးလေးများ

Author ကိုထက်
Categories
  • Photo News
Published on Oct 04, 2024

“ကတောက်.. ကတောက်၊ ကတောက်.. ကတောက်” ဒီအသံလေးတွေ မကြာခင် ပြန်ကြားရပါတော့မယ်။

 

ဝါလကင်းလွတ်လို့ သီတင်းကျွတ်တော့မယ်လေ။

 

နှစ်စဉ် ဒီအချိန်၊ ဒီအခါသာ ဆော့ရတဲ့ အရုပ်မျိုးစုံ တွန်းလှည်းမီးပုံးလေးတွေခေတ် ရောက်ပါတော့မယ်။ ဘယ်လိုဆော့ရတယ်ဆိုတာ အထွေအထူးညွှန်းစရာလိုမယ်မထင်။ ဖယောင်းတိုင်လေး ထွန်း၊ လက်ကလေးနဲ့ တွန်းရုံသာသာရယ်ပါ။

 

အရင်ခေတ်တွေတုန်းကတော့ ယုန်ရုပ်ပုံစံတွန်းလှန်းမီးပုံးလေးတွေသာ ထုတ်လုပ်ခဲ့ပေမဲ့ အခုတော့ ကားပုံစံတွေနဲ့ နိုင်ငံခြားရုပ်ရှင်တွေထဲက အရုပ်ပုံစံတွေ အမျိုးမျိုးတွေ့မြင်လာရပါတယ်။

ကလေးတွေကလည်း အဲဒီအရုပ်ကလေးတွေမြင်လိုက်တာနဲ့ “ဖေဖေ ဝယ်ပေး၊ မေမေ ဝယ်ပေး” လို့ ပူဆာလေ့ရှိကြပါတယ်။

 

ဒါ့အပြင် ပုံစံမျိုးစုံတဲ့ ချိတ်ဆွဲမီးပုံးလေးတွေကိုလည်း တွေ့မြင်လာရတော့မှာပါ။

 

ဒါပေမဲ့ ဝမ်းနည်းစရာက အာဏာသိမ်းစစ်ကောင်စီကြောင့် တိုင်းပြည်ပျက်၊ စီးပွားရေးယိုင်နဲ့ခဲ့တဲ့အထဲ အသေးစားလုပ်ငန်းတွေထဲက မီးပုံးလုပ်ငန်းတွေလည်း အပါအဝင်ပါပဲ။

 

ခေတ်ပျက်ပြီးနောက် မီးပုံးလုပ်ငန်းအများစုရှိရာ ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်က မီးပုံးလုပ်ငန်းလေးတွေလည်း ပြုလုပ်သူအတော်နည်းပါးသွားပြီဖြစ်တယ်လို့ သိရပါတယ်။

 

“သိပ်မရှိကြတော့ဘူး။ ကျွန်တော်တို့အိမ်နဲ့မှ သုံးအိမ်လောက်ပဲလုပ်ကြတော့တယ်။ ကုန်ဈေးနှုန်းကြီးမြင့်တဲ့ဒဏ်တွေလည်းပါမှာပေါ့။ ကိုယ်တွေကတော့ မိရိုးဖလာအလုပ်လေးဆိုတော့ ဆက်လုပ်နေတာ” လို့ အဲဒီက လက်ရှိမီးပုံးလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ဒါကြောင့် CJ Platform က ငယ်ဘဝလွမ်းစရာ မီးပုံးပုံရိပ်လေးတွေကို Photo Essay အနေနဲ့ ဖော်ပြလိုက်ပါရစေ။

 

ဓာတ်ပုံများ – ကိုထက်