အိန္ဒိယ-မြန်မာ အဓိကကုန်သွယ်ရေးလမ်း ဖလမ်း – ရိဒ် ပျက်စီးလို့ ကုန်ကား ဖြတ်သန်းခွင့် CNDF ယာယီပိတ်

Author ဆလိုင်း
Categories
Published on Jul 03, 2024

ချင်းပြည် ဖလမ်းနဲ့ ရိဒ်ခေါဒါရ်မြို့ကို ဆက်သွယ်ထားတဲ့ ကားလမ်း ပျက်စီးနေလို့ ကုန်ကားတွေကို ဖြတ်သန်းခွင့် မပြုတော့ဘဲ ယာယီပိတ်လိုက်တယ်လို့ ချင်းအမျိုးသားကာကွယ်ရေးတပ် (CNDF)ထံမှ သိရပါတယ်။

 

အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေး စခန်းတည်ရှိတဲ့ ရိဒ်ခေါဒါရ်မြို့ကို အဓိက ဆက်သွယ်ထားတဲ့ ဖလမ်း-ရိဒ် ကားလမ်းကို ဇူလိုင်လ ၁ ရက်နေ့ကစလို့ ကုန်ကားတွေ ဖြတ်သန်းခွင့် မပြုတော့ဘူးလို့ သိရပါတယ်။

 

အဲဒီ လမ်းကြောင်းဟာ မိုးတွင်းကာလ ကားလမ်းပျက်စီးတတ်တာကြောင့် ယခုကဲ့သို့ ပိတ်လိုက်ခြင်းဖြစ်တယ်လို့ CNDF တာဝန်ရှိသူတစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

“ကားလမ်းကို လုံးဝ ပိတ်လိုက်တာမျိုးမဟုတ်ဘဲ လမ်းကြောင်းအခြေအနေအရ ဆယ်ဘီးကုန်ကားနဲ့ ၁၂ ဘီး ကုန်ကားတွေကို ယာယီပိတ်လိုက်တာပါ။ ကျန်တဲ့ ကားတွေက ပုံမှန်သွားလာခွင့် ပြုထားပါတယ်။ ပြည်သူတွေအနေနဲ့လည်း နားလည်ပေးစေလိုပါတယ်” လို့ ၎င်းက ပြောပါတယ်။

 

ဖလမ်း – ရိဒ် ဆက်သွယ်ထားတဲ့ ကားလမ်းဟာ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံရဲ့ အဓိက ကုန်သွယ်ရေး လမ်းကြောင်း ဖြစ်သလို နှစ်နိုင်ငံစီးပွားရေးရဲ့​ဝင်ပေါက်လည်းဖြစ်တယ်လို့ ဖလမ်းဒေသခံတစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

“အဲဒီ ကားလမ်းက မိုးတွင်း နှစ်တိုင်းလိုလို မြေပြိုတယ်။ ကားလမ်းတွေ ပျက်စီးတတ်ပါတယ်။ ကုန်ကားတွေဆို မိုးတွင်း ကားလမ်းပျက်စီးဖို့က လွယ်ကူပါတယ်။ ကားလမ်းက ပျက်စီးသွားလို့ အဆင်ပြေဘူးလေ။ ဒေသခံတွေ အကုန်ဒုက္ခရောက်သွားနိုင်တယ်။ အဲဒီလမ်းက နှစ်နိုင်ငံ ကုန်သွယ်ရေး၊ စီးပွားရေးလမ်းကြောင်းဖြစ်ပါတယ်” လို့ ၎င်းက ပြောပါတယ်။

 

အဲဒီ ကားလမ်းကို ပိတ်ထားပေမဲ့ ရိဒ်ခေါဒါရ်မြို့ကို ဆက်သွယ်ထားတဲ့ တီးတိန်-ရိဒ် ကားလမ်းကိုတော့ မပိတ်တာကြောင့် ထိုလမ်းမှတစ်ဆင့် ကုန်ကားများ အသုံးပြုနိုင်တယ်လို့ သိရပါတယ်။

 

ရိဒ်ခေါဒါရ်မြို့ကို ချင်းအမျိုးသားတပ်မတော်(CNA)နဲ့ ချင်းကာကွယ်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်ရရှိပြီး ဖလမ်းမြို့နယ်ကို မြို့ပေါ်ကလွဲပြီး နယ်ကျေးရွာတွေကို CNDF က ထိန်းချုပ်ထားပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်

 

ပုံစာ – မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေး စခန်းကို တွေ့ရစဉ်