KBZ, AYA ဘဏ်တို့က ရောင်းပေးနေတယ်လို့ဆိုတဲ့ ကန်ဒေါ်လာ အမှန်တကယ်သွားဝယ်သူတွေ ‘ကုန်ပြီ’ လို့ဆိုကာ ဝယ်မရ

Author ကိုထားဝယ်
Categories
Published on May 31, 2024

ပြည်ပထွက်မယ့်သူတွေအဆင်ပြေစေရန်ဟုဆိုကာ ကမ္ဘောဇဘဏ်(KBZ)နဲ့ ဧရာဝတီဘဏ်(AYA)တို့မှ ကန့်သတ်ပမာဏနဲ့ရောင်းပေးနေတယ်လို့ ကြေညာထားကြတဲ့ အမေရိကန်ဒေါ်လာကို အမှန်တကယ်သွားဝယ်ချိန်မှာ ‘ကုန်ပြီ’ လို့ဆိုကာ ဝယ်မရသူသာများပြားနေကြောင်း သွားဝယ်သူတွေဆီကနေ သိရပါတယ်။

 

ဘဏ်ဖွင့်ချိန် မနက် ၉ နာရီခွဲခန့် သွားရောက်ဝယ်ယူခဲ့ပေမဲ့ “ဒေါ်လာ မရှိတော့ဘူး။ ကုန်ပြီ” လို့ပဲ အပြောခံခဲ့ရတယ်လို့ KBZ နဲ့ AYA ဘဏ်တို့ရဲ့ ရန်ကုန် ဘဏ်ခွဲတွေဆီ အမေရိကန်ဒေါ်လာ သွားဝယ်ခဲ့သူတွေက ပြောပါတယ်။

 

အဲဒီထဲ နိုင်ငံခြားသွားဖို့ရှိတဲ့ ရန်ကုန်မြို့ခံတစ်ဦးဟာ ဒီလို ငွေလဲဖို့လုပ်နေတာ အဲဒီပုဂ္ဂလိကဘဏ်တွေက ကြေညာချက် စတင်ထုတ်ပြန်ခဲ့တဲ့ မေလ ၂၉ ရက်နေ့ကတည်းကဖြစ်ပေမဲ့ ဒီနေ့အထိ မရသေးဘူးလို့ ဆိုပါတယ်။

 

အဲဒီဘဏ်တွေကနေ အမှန်တကယ်ရောင်းပေးနေတယ်လို့ ကြားသိရပေမဲ့ ပြန်လည်ကြားသိရသလောက် ဝယ်မရခဲ့သူတွေကသာ များနေတယ်လို့ ရန်ကုန်က လုပ်ငန်းရှင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

 

“ရောင်းတော့ရောင်းပေးတယ်လို့ကြားတယ်။ အစ်မအထင် ဒေါ်လာ ၁၅၀၀/၂၀၀၀ လောက်ပဲရောင်းပေးတယ်ထင်တယ်။ လူသုံးလေးယောက်စာလောက်ပဲ ပေးတာပေါ့။ အစ်မတော့ ဝယ်လို့ မရသေးဘူး” လို့ အဲဒီလုပ်ငန်းရှင်အမျိုးသမီးက CJ Platform သတင်းဌာနကို ပြောပါတယ်။

 

ထိုဘဏ်တွေက ဒေါ်လာရောင်းချပေးရာမှာ လေယာဉ်လက်မှတ်၊ ဆေးကုသဖို့ဆိုရင် ဆေးခန်းလက်မှတ်၊ အလုပ်လုပ်ဖို့ဆိုရင် အလုပ်ခေါ်စာတွေကို ပြသရတယ်လို့ ၎င်းက ဆိုပါတယ်။ ဒါပေမဲ့ အလည်အပတ်သွားမယ့်သူတွေအတွက်တော့ မရောင်းပေးဘူးလို့ သူမက ဆိုပါတယ်။

 

ပြည်ပပညာတော်သင်သွားမယ့်အမျိုးသားတစ်ဦးကတော့ ရန်ကုန်ရှိ ကမ္ဘောဇဘဏ်ခွဲအတော်များများဆီ သွားရောက်လဲလှယ်ခဲ့ရာမှာ “ဒေါ်လာ ကုန်သွားပြီ” လို့ပဲ အပြောခံခဲ့ရပေမဲ့ ရန်ကုန်မြို့၊ ပြည်လမ်းမပေါ်က ၉ မိုင်ရှိ KBZ ဘဏ်ခွဲမှာ ဝယ်ယူရရှိခဲ့တယ်လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားဖော်ပြထားပါတယ်။

 

ပြည်ပထွက်အလုပ်လုပ်မယ့်သူ၊ ပညာတော်သင်ထွက်မယ့်သူ၊ ဆေးကုသမယ့်သူ၊ ဘုရားဖူးထွက်မယ့်သူနဲ့ ပြည်ပအစိုးရ၊ အသင်းအဖွဲ့ ဖိတ်ကြားမှုအရ အစည်းအဝေးတက်မယ့်သူတွေရဲ့ အသေးသုံးနိုင်ငံခြားငွေလိုအပ်ချက်ကို ဖြည်းဆည်းပေးနိုင်ဖို့ အွန်လိုင်းငွေလဲလှယ်နှုန်းအပေါ်မူတည်ပြီး ဝယ်/ရောင်းဈေးသတ်မှတ်ကာ ဘဏ်ခွဲတိုင်းမှာ အမေရိကန်ဒေါ်လာ ၅၀၀ နဲ့ ထိုပမာဏနဲ့ကိုက်ညီမယ့် နိုင်ငံခြားငွေတွေကို ရောင်းချပေးနေတယ်လို့ KBZ ဘဏ်က ထုတ်ပြန်ထားပါတယ်။

 

AYA ဘဏ်ကလည်း KBZ ဘဏ်လိုပဲ ပြည်ပထွက်မယ့်သူတွေကို ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်တို့က ဘဏ်ခွဲတွေမှာ ပမာဏမဖော်ပြထားတဲ့ သတ်မှတ်ပမာဏအတိုင်း ရောင်းချပေးနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

 

လတ်တလော ငွေကြေးဈေးကွက်ထဲ ကျပ်ငွေဈေးတွေထိုးကျနေလို့ အမေရိကန်ဒေါ်လာအပါအဝင် နိုင်ငံခြားငွေကြေးတွေအားလုံးမြင့်တက်နေပါတယ်။

 

ဓာတ်ပုံ – KBZ, AYA လူမှုကွန်ရက်စာမျက်နှာများ

 

ပုံစာ – KBZ, AYA တို့က ပြည်ပထွက်မယ့်သူတွေကို လဲလှယ်ရောင်းချပေးနေတဲ့ ငွေကြေးဈေးနှုန်းများ