ဆင်မကြီး မိုမို ၇၁ နှစ်ပြည့်ပြီ
ကလေးငယ်တွေရဲ့ အချစ်တော် ဆင်မကြီးမိုမိုရဲ့ အသက် ၇၁ နှစ်ပြည့် မွေးနေ့ကို သူနေထိုင်ရာ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှာပဲ ဒီကနေ့ နိုဝင်ဘာ ၃ ရက်နေ့ မနက်ပိုင်းမှာ ပျော်ရွှင်စွာ ကျင်းပခဲ့ပါတယ်။
“မိုမိုရေ..”လို့ခေါ်လိုက်တာနဲ့ “ဝူး..” ဆိုပြီး ပြန်ပြီး ထူးတတ်တဲ့ ဆင်မကြီးမိုမိုဟာ အခုမှာတော့ ဖွားဖွားမိုမိုဖြစ်နေပါပြီ။
ကယားပြည်နယ် လွိုင်ကော်မြို့မှာနေတဲ့ မိုမိုရဲ့ မူလသခင် ဦးခွန်ဆန္ဒဟာ သူကောင်းမွန်စွာ အနားယူနိုင်ဖို့ ၁၉၆၁ ခုနှစ် နိုဝင်ဘာလမှာ ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်ကို လှူဒါန်းခဲ့ပါတယ်။ သူ့နာမည်ကို မိုမိုလို့ ခေါ်တွင်စေတာကတော့ ဦခွန်ဆန္ဒရဲ့ ဇနီးဖြစ်သူ နော်မိုမိုရဲ့ အမည်ကို ဂုဏ်ပြုပေးခဲ့တာပါ။
အရပ်အမြင့် ၇ပေ၉လက်မ ၊ ကိုယ်ထည်လုံးပတ် ၁၅၀ လက်မရှိတဲ့ ဆင်မကြီးမိုမိုဟာ ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်ကို လာရောက်လည်ပတ်တဲ့ ကလေးငယ်တွေကို ပျော်ရွှင်စေဖို့ နှစ်ပေါင်း ၅၀ကျော်ကြာ ဖျော်ဖြေမှုကို လုပ်ဆောင်ပေးခဲ့ပါတယ်။ သူ့ရဲ့ အသက်အရွယ်နဲ့ ကျန်းမာရေးကြောင့် ၂၀၁၆ ခုနှစ်မှာ ဖျော်ဖြေမှုတွေက အနားယူခဲ့ပေမယ့် မိုမိုဟာ ကလေးငယ်တွေ လာရောက်လည်ပတ်တိုင်း ပျော်ရွှင်နေတုန်းပါပဲ။
မိုမိုဟာ တရုတ်နိုင်ငံကနေ ဗုဒ္ဓမြတ်စွယ်တော် ပင့်ဆောင်ရာမှာလည်း ပါဝင်ခဲ့သူဖြစ်ပါတယ်။
ဓာတ်ပုံ – ကိုထက်