စစ်ကောင်စီဖြိုခိုင်းထားတဲ့ စစ်တွေ၊ နာဇီရွာရဲစခန်းနားက နေအိမ်တွေ ငါးသောင်းမပေးရင် အိမ်တွင်းပစ္စည်း ယူဆောင်ခွင့်မပေး
ရခိုင်ပြည်မြို့တော် စစ်တွေ၊ နာဇီရွာရဲစခန်းနားမှာရှိတဲ့ အိမ်တွေကို စစ်ကောင်စီတပ်က လာမယ့် နိုဝင်ဘာလ ၁၅ ရက်(တန်ဆောင်မုန်းလပြည့်နေ့)မတိုင်မီ ဖြိုခိုင်းထားတဲ့အပြင် ငါးသောင်းကျပ် မပေးပါက အိမ်တွင်းပစ္စည်းတွေ ယူဆောင်ခွင့်မပေးဘူးလို့ အဲဒီဒေသခံတွေကို ပြောပါတယ်။
အောက်တိုဘာလ တတိယအပတ်အတွင်း စစ်ကောင်စီတပ်က သူတို့ရဲ့ လုံခြုံရေးအတွက်လို့ဆိုကာ နာဇီရွာရဲစခန်းနားက အိမ်အလုံး ၅၀ ကျော်ကို ဖြိုဖျက်ပေးရမယ်လို့ ဒေသခံတွေကို ရဲစခန်းမှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ်က ပြောဆိုထားပါတယ်။
“ကိုယ်တိုင်ဖြိုမလားမေးတယ်။ ဖြိုမယ်ဆိုရင် သူတို့ကို ငါးသောင်းပေးရမယ်ပေါ့။ လိုချင်တဲ့ပစ္စည်းတွေ ယူသွားခွင့်ပေးမယ်။ မပေးနိုင်ရင် သူတို့ဖြိုပစ်မယ်။ ဘာတစ်ခုမှ ယူခွင့်မပေးဘူး။ သူတို့ဖြိုပြီးမှ ငွေပေးမယ်ဆိုရင်လည်း လက်မခံဘူးပြောတယ်” လို့ နာဇီရွာခံ အမျိုးသမီးတစ်ယောက်က ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ နေအိမ်တွေဖြိုဖျက်ဖို့ကိုပဲ ဖိအားပေးနေပေမဲ့ အကူအညီပေးဖို့ ပြောတာမျိုး ဒီကနေ့အထိ မရှိဘူးလို့ သူမက ဆက်ပြောပါတယ်။
“နေထိုင်ရေးခက်ခဲမှာကို သူတို့စိတ်မဝင်စားဘူး။ အကူအညီပေးဖို့မပြောနဲ့ ကိုယ့်အိမ်ကိုယ်ဖျက်ပြီး ပစ္စည်းယူဖို့ကိုတောင် သူတို့ကို ပိုက်ဆံပေးရမယ်ဆိုတော့ သူတို့မှာစာနာစိတ်မရှိဘူးဆိုတာ သိသာတယ်” လို့ သူမက ပြောပါတယ်။
အောက်တိုဘာလအတွင်း အဲဒီရွာက နေအိမ် ၁၀ လုံးထက်မနည်းကို စစ်ကောင်စီတပ်က ဖြိုဖျက်သွားတဲ့အပြင် ဒေသခံအမျိုးသမီးတွေအပါအဝင် ၁၀ ဦးကျော်ကိုလည်း ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ စစ်တွေမြို့တွင်းက ရဲစခန်းနဲ့ အရေးပါတဲ့နေရာတွေမှာ ဘန်ကာတွေ အခိုင်အမာတည်ဆောက်ပြီး စစ်ရေးပြင်ဆင်မှုတွေ ဆက်တိုက်လုပ်ဆောင်နေသလို နေအိမ်တွေဖြိုဖျက်ကာ AA ထိုးစစ်အတွက် ပြင်ဆင်လာတာကိုလည်း တွေ့မြင်ရတယ်လို့ အဲဒီမြို့ခံတွေက ပြောပါတယ်။
လက်ရှိ မောင်တော၊ ဂွနဲ့ အမ်းမြို့နယ်တွေမှာ AA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေပြီး အဲဒီမြို့တွေကို စစ်ကောင်စီအနေနဲ့ လက်လွှတ်ဆုံးရှုံးရပါက AA ရဲ့ နောက်ထပ်ပစ်မှတ်ဟာ စစ်တွေမြို့ ဖြစ်လာနိုင်တယ်လို့ ဒေသတွင်းပြည်သူတွေက ပြောဆိုပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်