NUG တပ်တွေ သိမ်းထားတဲ့ ပင်လည်ဘူးမြို့ ဘယ်လိုအခြေအနေရှိလဲ? 

Author လဂွန်းအိမ်
Categories
Published on Oct 31, 2024

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်ထဲက နှစ်ဖက်လုံးအတွက် စစ်ရေးအရ အရေးပါတဲ့ ပင်လည်ဘူးမြို့ကို အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ရဲ့ လက်အောက်ခံတပ်တွေက ငါးကြိမ်အထိ မြို့သိမ်းတိုက်ပွဲဆင်နွှဲခဲ့ကြပါတယ်။

ဒီလ အောက်တိုဘာ ၈ ရက်နေ့မှာ NUG ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံတပ်တွေနဲ့အတူ ကချင်လွတ်လပ်ရေးတပ်(KIA)ပူးပေါင်းတပ်က ပင်လည်ဘူးမြို့ကို ထိန်းချုပ်ထားတာ ဒီကနေ့ အောက်တိုဘာ ၃၁ ရက်အထိဆိုရင် ၂၄ ရက်အထိရှိလာခဲ့ပါပြီ။

 

တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ပြီးနောက် အဲဒီမြို့လေးမှာ တိုက်ပွဲတွေမရှိတော့သလို စစ်ကောင်စီဘက်က ဗုံးကြဲတိုက်ခိုက်မှုတွေလည်း မရှိတော့ဘူးလို့ သိရပါတယ်။

 

ဒါပေမဲ့ တစ်လနီးပါးကြာတဲ့အထိ လူဦးရေ ၇၀၀၀ ကျော်ရှိတဲ့မြို့လေးဆီကို ဒေသခံတွေ ပြန်လည်မဝင်ရောက်နိုင်သေးဘူးလို့ အဲဒီက CJ Platform ရဲ့ သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။

 

“မြို့က မြို့ပျက်ကြီးလိုလည်းဖြစ်နေတာ။ မြို့ရဲ့ လေးပုံမှာ တစ်ပုံလောက်တော့ အကောင်းအတိုင်းကျန်တယ်” လို့ ပင်လည်ဘူးမြို့ရှိ CJ Platform ရဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

စစ်ကောင်စီက ပင်လည်ဘူးမြို့ကို လက်မလွှတ်ရရေး ခြေကုတ်ယူကာ အပြင်းအထန်ခုခံခဲ့တဲ့ ရဲစခန်းနဲ့ ဧည့်ရိပ်သာ ဝန်းကျင်မှာရှိတဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးထားတာရှိသလို ဘက်ဟိုးနဲ့ ဖြိုဖျက်ခံထားရတာကို တွေ့ရတယ်လို့ သူက ဆိုပါတယ်။

 

ကျန်နေအိမ်တွေကတော့ လက်နက်ကြီးဒဏ်၊ လေကြောင်းဗုံးကြဲမှုဒဏ်တွေကြောင့် ပျက်စီးနေတာကိုတွေ့ရတယ်လို့ သူက ဆက်ပြောပါတယ်။

 

လူဦးရေ ၇၀၀၀ ကျော်နေထိုင်တဲ့ ပင်လည်ဘူးမြို့ဟာ ပထဝီဝင်အနေထားအရ တောင်ကုန်းတောင်တန်းထူထပ်ပြီး အရှေ့ဘက်မှာ ဝန်းသို၊ မြောက်ဘက်မှာ ဗန်းမောက်၊ အနောက်ဘက်မှာ ဖောင်းပြင်၊ တောင်ဘက်မှာ ကျွန်းလှ၊ ကောလင်းမြို့တွေနဲ့ ထိစပ်နေပါတယ်။

 

ဒါကြောင့် စစ်ကောင်စီအတွက်သာမက တော်လှန်ရေးအင်အားစုအတွက်လည်း အရေးပါတဲ့မြို့တစ်ခုဖြစ်ပြီး တော်လှန်ရေးအင်အားစုတွေက ငါးကြိမ် မြို့သိမ်းတိုက်ပွဲ ဆင်နွှဲပြီးနောက်မှာတော့ မြို့ကိုထိန်းချုပ်နိုင်ခဲ့တာပဲဖြစ်ပါတယ်။

 

ပင်လည်ဘူးမြို့ကို ၂၀၂၂ ခုနှစ် ဇန်နဝါရီက စတင်တိုက်ခိုက်ခဲ့ပြီး ဒုတိယအကြိမ်အဖြစ် ဧပြီလမှာမြို့သိမ်းနိုင်ခဲ့ပေမဲ့ မြို့ကိုမထိန်းနိုင်တာကြောင့် စစ်ကောင်စီကပြန်လည်ထိန်းချုပ်ခဲ့ပါတယ်။

 

အဲဒီနောက် ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှာ တတိယအကြိမ်တိုက်ခိုက်ခဲ့ပြီး ဒီနှစ် ၂၀၂၄ မေလမှာ စတုတ္ထအကြိမ်အဖြစ် တိုက်ခိုက်ခဲ့ကာ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၅ ရက်နေ့မှာတော့ ငါးကြိမ်မြောက်အဖြစ် ရက်ပေါင်း ၅၄ ရက်ကြာအောင်တိုက်ခိုက်ခဲ့ပြီးနောက် အောက်တိုဘာ ၈ ရက်နေ့မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။

 

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ရွှေဘိုခရိုင်တပ်ရင်း ၆ ၊ ၇ ၊ ၈ ၊ ၉ ၊ ၁၀ ၊ ၁၂ ၊ ၁၆ နဲ့ ဗျူဟာ ၅၂ ၊ ၅၃ က ရဲဘော်တွေကို ဒေသခံ ပြည်သူတွေက ကြိုဆိုနေတဲ့ ပုံတွေကို ရွှေဘိုခရိုင် အမှတ် ၈ တပ်ရင်း အမှတ်-၁ စစ်ဒေသက ပြီးခဲ့တဲ့အောက်တိုဘာ ၂၈ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

 

ပင်လည်ဘူးတိုက်ပွဲတွေထဲ စစ်ကောင်စီဘက်က အယောက် ၇၀ နီးပါး သေဆုံးပြီး ၂၂၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် ပျောက်ဆုံးနေသူ ၂၇၅ ယောက်အထိ ရှိတယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ အလင်းဝင်ရောက်လာသူ ၄၈ ယောက်ရှိပြီး စစ်သုံ့ပန်း ၁၀၂ ယောက်ကိုလည်း ဖမ်းဆီးရမိခဲ့ပါတယ်။

 

ပွိုင့်ဖိုက် စက်သေနတ်ကြီးနဲ့ စိန်ပြောင်းတွေအပါအဝင် လက်နက်ကြီး/ငယ် အလက် ၄၀၀ ကျော်နဲ့ ခဲယမ်းတွေ၊ ဆက်စပ်ပစ္စည်း အမြောက်အမြား သိမ်းဆည်းရမိခဲ့ပါတယ်။

 

ဓာတ်ပုံ – CJ Platform

 

ပုံစာ – NUG တပ်တွေထိန်းချုပ်ထားတဲ့ ပင်လည်ဘူးမြို့တွင်းကို အောက်တိုဘာ ၂၇ ရက်နေ့က တွေ့မြင်ရစဉ်