KNU ဌာနချုပ်အနီး ဒရုန်းနဲ့ တိုက်ခိုက်ခံရ ၊ ဒေသခံတစ်ဦး ထိခိုက်
ကရင်အမျိုးသားအစည်းအရုံး KNU ဌာနချုပ်ရှိ ကလိုယော်လေးအနီးမှာရှိတဲ့ ဘောလုံးကွင်းအတွင်းကို ဒီကနေ့ ဇန်နဝါရီ ၃၁ရက်နေ့မှာ ဒရုန်းနဲ့ နှစ်ကြိမ်တိတိ တိုက်ခိုက်ခံခဲ့ရတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဘောလုံးကွင်းအတွင်းမှာရှိတဲ့ စတိတ်စင်အနီးကို မနက် ၇နာရီခွဲခန့်မှာ တစ်ကြိမ်၊ ၇နာရီ ၄၀မိနစ်မှာ တစ်ကြိမ်နဲ့ နှစ်ကြိမ်ဆက်တိုက် တိုက်ခိုက်ခံရပြီး ဒေသခံ အမျိုးသားတစ်ဦး ခြေထောက်ထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒီကနေ့ဟာ (၇၆)နှစ်မြောက် ကရင့်တော်လှန်ရေးနေ့လည်းဖြစ်ပြီး အထိမ်းအမှတ်အခမ်းနားတွေကို ကျင်းပနေချိန်လည်းဖြစ်တယ်လို့ သိရပါတယ်။
ဒရုန်းနဲ့တိုက်ခိုက်ခံရတဲ့ နေရာဟာ (၇၀)နှစ်မြောက် ကရင့်တော်လှန်ရေးနေ့ အထိမ်းအမှတ် ကျင်းပခဲ့ဖူးတဲ့ နေရာလည်းဖြစ်ပါတယ်။
အခုတိုက်ခိုက်မှုကို ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တယ်ဆိုတာကို ထုတ်ပြန်လာတာ မရှိသေးပေမဲ့ စစ်ကောင်စီဘက်က လုပ်ဆောင်တာဖြစ်နိုင်တယ်လို့ ဒေသခံတွေက သုံးသပ်နေကြပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၂ ရက်နေ့ကလည်း တပ်မဟာ (၇) နယ်မြေရှိ KNLA ဌာနချုပ်အနီးကိုလည်း စစ်ကောင်စီဘက်မှ ဒရုန်းနဲ့ ၄ကြိမ်လာရောက်တိုက်ခိုက်ခဲ့ပြီး KNLA တပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ဒါဟာ CJ Report ဖြစ်ပါတယ်။ သတင်းဖြစ်စဉ် အပြည့်အစုံကိုတော့ CJ Platform ရဲ့ သတင်းထောက်တွေက စုံစမ်းအတည်ပြုနေဆဲဖြစ်ပါတယ်။
CJ Platform ရဲ့ CJ Report ကဏ္ဍအတွက် သတင်းအချက်အလက်လေးတွေ ပေးပို့လိုပါက Telegram မှာ @cjreport1 လို့ ရှာဖွေပြီးတော့ ဆက်သွယ်ပေးပို့နိုင်ပါတယ်။
ဓါတ်ပုံ – KNLA
ပုံစာ – ယခုမနက်တိုက်ခိုက်ခံရသည့် မြင်ကွင်း