သထုံမှာ ဆိုင်ကယ်နှစ်ယောက်စီးတဲ့ လူငယ်တွေကို ငွေသိန်းရာနဲ့ချီတောင်းပြီး စစ်မှုထမ်းပို့ပစ်မယ်လို့ ခြိမ်းခြောက်မှုတွေရှိနေ

Author CJ Platform
Categories
Published on Jan 30, 2026

မွန်ပြည်၊ သထုံမြို့နယ်မှာ ဆိုင်ကယ်နှစ်ယောက်စီးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်အုပ်စုက လူငယ်တွေကို ဖမ်းပြီး သိန်းရာနဲ့ချီတောင်းကာ ငွေညှစ်နေသလို မပေးရင် စစ်မှုထမ်းခိုင်းမယ်ဆိုပြီး ခြိမ်းခြောက်တာတွေ ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၆ ရက်နေ့ ညနေပိုင်းက ရော်ဘာခြံလုပ်ငန်းကနေ ပြန်လာတဲ့ လူငယ် ၃ ဦးကို သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့အဝင်မှာ ဆိုင်ကယ်သုံးယောက်စီးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်အုပ်စုက ဖမ်းဆီးပြီး စစ်မှုထမ်းအပို့မခံချင်ရင် သိန်း ၁၀၀ စီ ပေးဆောင်ဖို့ မိသားစုတွေကို ခြိမ်းခြောက်ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

 

“လက်ရှိ အဲဒီလိုအမှုတွေချည်းပဲ။ အသက်ပြည့်ရင် စစ်မှုထမ်းနဲ့ ခြိမ်းခြောက်ပြီး အများကြီးတောင်းတာ။ အသက်မပြည့်ရင်တော့ လေး၊ ငါး၊ ဆယ်သိန်းတောင်းတယ်” လို့ ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလကတည်းက စလို့ သထုံမြို့နယ်မှာ လူငယ်နှစ်ယောက် ဆိုင်ကယ်စီးနင်းခွင့်ကို စစ်အုပ်စုက ပိတ်ပင်ထားပြီး မလိုက်နာရင် ရာဇသတ်ကြီးပုဒ်မ ၁၈၈ နဲ့ အရေးယူကာ အလုပ်မဲ့ထောင်ဒဏ် ၁ လနဲ့ ဒဏ်ငွေ ၂ သောင်းကျပ် ပေးဆောင်ရမယ်လို့ ခြိမ်းခြောက်ထားတာပါ။

 

အဲဒီနောက်ပိုင်း ဆိုင်ကယ်နှစ်ယောက်စီးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးခံရတဲ့ လူငယ်တွေ အများအပြားရှိသလို ငွေညှစ်မှုတွေကလည်း ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

“အသိတစ်ယောက်တုန်းကလည်း သိန်းတရာလောက် ကုန်တယ်ပြောတယ်။ နှစ်ယောက်စီးမိလို့။ စစ်မှုထမ်းခေါ်တာတွေကလည်း အိမ်ထိလာခေါ်တာတောင် ရှိတယ်။ ဒီလထဲမှာပဲ အောက်ကျင်းဝမှာလည်း နှစ်ယောက်ကို လာခေါ်တယ် ကြားတယ်” လို့ သထုံမြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ဆိုင်ကယ်နှစ်ယောက်စီးမိလို့ ဖမ်းမိတဲ့အခါ အသက်မပြည့်သေးတဲ့ လူငယ်တွေကိုဆိုရင် သိန်းဆယ်ချီတောင်းပြီး အသက်ပြည့်တဲ့ လူငယ်တွေဆိုရင်တော့ သိန်းရာချီတောင်းကာ မပေးနိုင်ရင် စစ်မှုထမ်းဖို့ ခေါ်ဆောင်တာမျိုး လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

 

“အခုက နှစ်ယောက်ကို ပေးမစီးတာ။ အသိမောင်လေးတစ်ယောက်ဆို ခြံထဲသွားတာတောင် ဖမ်းမလို့။ ကလေးလည်းဖြစ်၊ ကျောင်းသားလည်း ဖြစ်နေလို့ဆိုပြီး ပြောပဲပြောလိုက်တယ်။ တော်တော်ဆိုးဆိုးပဲ သူတို့နဲ့ ဆုံရင်က။ စစ်မှုထမ်းလည်း ပို့ခံရတဲ့သူတောင် ရှိမယ်။ သူတို့ ဖမ်းကာစကဆို လူငယ်အရွယ်တွေဆို ပိုက်ဆံနဲ့ သွားပြန်ရွေးတာတောင် မရတော့ဘူး” လို့ ဒေသခံတစ်ဦးကလည်း CJ Platform ကို ပြောပါတယ်။

 

စစ်အုပ်စုရဲ့ အတုယောင် ရွေးကောက်ပွဲ ပြီးဆုံးသွားပေမယ့် မွန်ပြည်မှာ လူငယ်တွေကို စစ်မှုထမ်းအတွက် အဓမ္မစုဆောင်းမှုတွေ စစ်အုပ်စုက ဆက်လက်လုပ်ဆောင်နေသလို့ ပြည်သူတွေကို နည်းလမ်းမျိုးစုံသုံးကာ ငွေညှစ်မှုတွေလဲ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်