မင်းကင်းပကဖဖမ်းထားတဲ့ LPDF ခေါင်းဆောင် သုံးလကျော်အကြာမှာ ပြန်လွတ်
မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဇူလိုင်လနှောင်းပိုင်းမှာ ဖမ်းဆီးထားတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခုရဲ့ ခေါင်းဆောင်ဟာ သုံးလကျော်ကြာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ ရက်နေ့က ပြန်လည်လွတ်မြောက်လာတယ်လို့ သိရပါတယ်။
မင်းကင်းအခြေစိုက် Upper Chindwin River Revolution Force(UCRRF)ရဲ့ ခေါင်းဆောင် ကိုဇော်ဝင်းထွဋ်ပြန်လွတ်လာချိန် သူ့အဖွဲ့ဝင်တွေအပါအဝင် ကျေးရွာပေါင်းစုံမှ ဒေသခံတွေနဲ့ ကျောင်းသား/ကျောင်းသူ၊ ဆရာ/ဆရာမတွေက ကြိုဆိုခဲ့ကြတယ်လို့ သိရပါတယ်။
“ရဲဘော်တွေ လွှတ်ပေးခဲ့ပြီး ၁၅ ရက်လောက်မှာ ခေါင်းဆောင်ကို ပကဖ တာဝန်ခံ ဦးညိုလွင်ဆီကို လွှဲပြောင်းပေးခဲ့ပါတယ်။ စစ်ဆေးတာမျိုးဆို ပြန်လွှတ်လိုက်တဲ့ ရဲဘော်တွေ ဘာလုပ်နေလဲ လောက်ပဲ မေးတာမျိုးပါ။ ပြန်လွှတ်ခဲ့တာကတော့ ဦးညိုလွင်က သူ့ Command အတိုင်းလုပ်ဖို့ပေါ့။ ကိုဇော်မင်းပြောတိုင်း လုပ်စရာမလိုဘူး။ သူ့လက်အောက်မှာနေဖို့ ပြောပြီး လွှတ်လိုက်တာပါ” လို့ UCRRF မှ တာ၀န်ရှိသူတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၂ ရက်နေ့မှာ မင်းကင်းပကဖအဖွဲ့ဝင် အင်အား ၁၅၀ လောက်ဟာ လက်နက်အပြည့်အစုံနဲ့ အလှူခံမဏ္ဍပ်ထိုးလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ UCRRF ရဲ့ ခေါင်းဆောင်အပါအဝင် တပ်ဖွဲ့ဝင် ၁၇ ယောက်ကို ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
မင်းကင်းပကဖအဖွဲ့က သူတို့ကို ဖမ်းဆီးစစ်ဆေးပြီးနောက် ၂၄ ရက်အတွင်း ကန့်သတ်ချက်တွေနဲ့ ပြန်လွှတ်ပေးခဲ့ပေမဲ့ ခေါင်းဆောင် ကိုဇော်ဝင်းထွဋ်ကို ဆက်လက်ထိန်းသိမ်းထားခဲ့ပါတယ်။
ဒါကြောင့် အဲဒီအဖွဲ့ဝင်တွေနဲ့ မင်းကင်းဒေသခံတွေက ပြန်လွှတ်ပေးဖို့ ဆန္ဒပြတောင်းဆိုမှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။
ဓာတ်ပုံ – Upper Chindwin River Revolution Force(UCRRF)