ကျုံပျော် အင်းရဲကျွန်းကျေးရွာမှာ အုပ်ချုပ်ရေးမှူး မိသားစုဝင်တွေ မပါဘဲ ရွာမှာရှိတဲ့ လူငယ်တွေအကုန်နီးပါး စစ်မှုထမ်းမဲပေါက်ဟုဆို

Author CJ Platform
Categories
Published on Mar 03, 2025

ဧရာဝတီတိုင်း ကျုံပျော်မြို့နယ် အင်းရဲကျွန်းကျေးရွာမှာ အုပ်ချုပ်ရေးမှူး ဖြစ်သူက သူတို့ ရွာမှာရှိတဲ့ လူငယ်တွေ အားလုံးနီးပါးကို စစ်မှုထမ်းမဲပေါက်တယ်လို့ဆိုကာ ဖမ်းဆီးမှုတွေ လုပ်ဆောင်နေပေမဲ့ သူ့ရဲ့ မိသားစုဝင်တွေနဲ့ ဆွေမျိုးတွေတော့ မပါဝင်ဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

 

အုပ်ချုပ်ရေးမှူး ဦးတင်ထွန်းဦးနဲ့ ရာအိမ်မှူး ဦးစိုးကြီးက ကျေးရွာအတွင်းမှာရှိတဲ့ စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းဖို့ အသက်အရွယ်အတွင်း ပါဝင်နေသူ လူငယ်အားလုံးနီးပါးကို စစ်မှုထမ်းမဲပေါက်တာကြောင့် စစ်မှုထမ်းရမယ်လို့ အတင်းအကြပ် ဖမ်းဆီးမှုတွေ လုပ်ဆောင်နေတာပါ။

 

“ရွာထဲမှာ အိမ်ထဲအထိ ဝင်ဆွဲတာ၊ ဘယ်သူမဲပေါက်တယ် မပေါက်ဘူးဆိုတာလဲ မသိရဘူး၊ သူတို့အမျိုးတွေတော့ မပါဘူး၊ ရွာမှာကျန်သမျှ လူငယ်အကုန်လုံးကို လိုက်ဖမ်းနေတာ ထွက်ပြေးနေကြရတယ်”လို့ အင်းရဲကျွန်းကျေးရွာ ဒေသခံတစ်ဦးက ပြောပါတယ်။

 

အင်းရဲကျွန်းကျေးရွာဟာ အိမ်ခြေ ၄၀၀ ကျော်ရှိတဲ့ ကျေးရွာကြီးတစ်ခု ဖြစ်ပေမဲ့ စစ်မှုထမ်းဥပဒေနဲ့ လူငယ်တွေကို ဖမ်းဆီးနေတာကြောင့် ကျေးရွာမှာ လူငယ်အများစုက ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

 

ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးတင်ထွန်းဦးက ကျေးရွာအနေနဲ့ လူငယ် ၁၅ဦးကို စစ်မှုထမ်းအဖြစ် လိုက်ပါရမယ်လို့ ကျေးရွာအတွင်း အသိပေးထားပြီး လက်ရှိမှာ အဓမ္မဖမ်းဆီးခံရသူ လူငယ် ၉ ဦးထိ ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်