ပညာသင်နှစ်ပြီးဆုံးခါနီးအထိ ရန်ကုန်က အထက်တန်းကျောင်းတွေမှာ ပြဋ္ဌာန်းစာအုပ် အပြည့်အစုံမရတာတွေ ရှိနေသေး

Author ကိုထက်
Categories
Published on Dec 03, 2024

ပညာရေးမြှင့်တင်ဖို့ KG+9 အထိ ကျောင်းမနေမရစနစ်ကို လုပ်ဆောင်ဖို့ စစ်ခေါင်းဆောင်က ပြောထားပေမဲ့ ရန်ကုန်က အခြေခံပညာအထက်တန်းကျောင်းတွေမှာ ၂၀၂၄-၂၀၂၅ စာသင်နှစ်ကုန်ဆုံးခါနီးအထိ ပြဋ္ဌာန်းစာအုပ် အပြည့်အစုံမရသေးတာတွေရှိနေတယ်လို့ ကျောင်းသားတွေ၊ ကျောင်းသားမိဘတွေဆီက သိရပါတယ်။

 

လှိုင်သာယာ၊ အင်းစိန်၊ မရမ်းကုန်းနဲ့ လှိုင်မြို့နယ်တွေက အခြေခံပညာကျောင်းတွေမှာ တက်ရောက်နေတဲ့ကျောင်းသားတွေအများစုမှာ ဒီလိုကြုံတွေ့နေရတာလို့ စုံစမ်းသိရှိရပါတယ်။

 

အခုလို ပြဋ္ဌာန်းစာအုပ်တွေ အပြည့်အစုံမရတာကြောင့် ဘေးချင်းကပ်သူငယ်ချင်းနဲ့ တွဲကြည့်ရတာ၊ မိတ္တူကူးရတာ၊ ပြင်ပကနေဈေးကြီးပေးဝယ်ရတာတွေ ဖြစ်ပေါ်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။

 

“ကျောင်းအပ်တုန်းက စာအုပ်ကုန်သွားလို့ဆိုပြီး မပေးလိုက်တာ။ ကျွန်တော်ဆို နှစ်ဘာသာမရသေးဘူး။ တချို့ဆို ဖတ်စာအုပ်ကို လုံးဝမရတာမျိုးတွေရှိတယ်။ အပြင်ကနေ အစုံလိုက်ပြန်ဝယ်ရပြီး ကြည့်ရတယ်” လို့ အ.ထ.က ၅ လှိုင်သာယာမှာ တက်ရောက်နေတဲ့ Grade – 9 ကျောင်းသားတစ်ဦးက ‌CJ Platform ကို ပြောပါတယ်။

 

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပညာရေးဝန်ထမ်းတွေ၊ ကျောင်းသားတွေနဲ့ တွေ့ဆုံပွဲတိုင်း အခြေခံပညာရေးစနစ်ကို အဆင့်မြှင့်တင်မှာဖြစ်သလို ပညာတတ်ပေါမှ နိုင်ငံတိုးတက်မယ်ဆိုပြီး ပြောဆိုနေတာပါ။

 

စစ်ကောင်စီ ပညာရေးဌာနအနေနဲ့ အခြေခံပညာရေးကို အခမဲ့သတ်မှတ်ထားပြီး ပြဠာန်းဖတ်စာအုပ်၊ ဗလာစာအုပ်တွေကလည်း ‌ကျောင်းသားတွေကို အခမဲ့ဖြန့်ဝေပေးဖို့၊ ကျောင်းမှာ ပိုက်ဆံမတောင်းဖို့ စစ်ခေါင်းဆောင်က တွင်တွင်ပြောဆိုနေသလို စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ကြီးဌာနကလည်း တွင်တွင်ပြောဆိုနေတာပါ။

 

“ကျောင်းမှာစာအုပ်က ကလေးကသူများနဲ့ တွဲတွဲကြည့်နေရတာလေ။ အပ်တုန်းကပြောလိုက်တာက တက်နေတုန်း တစ်လလောက်အတွင်း စာအုပ်ရောက်လာရင်ပေးမယ်ပေါ့။ မရောက်လာလို့ပဲလားတော့မသိဘူး။ နှစ်လလောက်နေတော့ အပြင်ကနေပဲ ဝယ်ပေးလိုက်တယ်။ အခုထိလည်း ရဖို့လိုသေးတဲ့စာအုပ်တချို့က မရသေးဘူး” လို့ အင်းစိန်မြို့နယ်က Grade – 10 ကျောင်းသားမိခင်တစ်ဦးက ပြောပါတယ်။

 

လက်ရှိ အထက်တန်းဖတ်စာအုပ်တစ်စုံကို ပြင်ပစာအုပ်ဆိုင်တွေမှာ ကျပ်တစ်သောင်းခွဲဝန်းကျင်ကနေ နှစ်သောင်းကျော်ထိ ပေါက်ဈေးရှိနေတယ်လို့ စာအုပ်ဈေးကွက်ထဲကနေ သိရပါတယ်။

 

စစ်အာဏာသိမ်းပြီး ပြန်လည်ဖွင့်လှစ်တဲ့ ရန်ကုန်က အခြေခံပညာကျောင်းတွေမှာ ဆရာ/ဆရာမအင်အား အပြည့်အစုံမရှိတာ၊ သင်ရိုးညွှန်းတမ်းပြဋ္ဌာန်းစာအုပ်တွေ အပြည့်အဝမပေးနိုင်တာတွေ နှစ်စဉ်ကြုံတွေ့နေရတယ်လို့ တက်ရောက်နေတဲ့ ကျောင်းသူ/ကျောင်းသားတွေနဲ့ ‌ကျောင်းသားမိဘတွေက ပြောပါတယ်။

 

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပညာရေးဝန်ထမ်းတွေရဲ့ CDM လှုပ်ရှားမှုတွေကြောင့် အခြေခံပညာကျောင်းတွေ ပိတ်ခဲ့ရပြီး ပြီးခဲ့တဲ့ ၂၀၂၂-၂၃ ပညာသင်နှစ်မှာမှ ပြန်လည်ပြီး နိုင်ငံတစ်ဝန်းက ကျောင်းတွေကို ပြန်ဖွင့်နိုင်ခဲ့တာပါ။

 

လက်ရှိ စစ်ကောင်စီထိန်းချုပ်မှုအောက်ရှိတဲ့ ဒေသတွေက စာသင်ကျောင်းတွေကိုပဲ ဖွင့်လှစ်ထားနိုင်ပြီး တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်၊ ချင်းပြည်၊ ကရင်နီ(ကယား)ပြည်၊ ရှမ်းပြည်မြောက်ပိုင်း ဒေသတွေက အခြေခံပညာစာသင်ကျောင်းအများအပြား လက်ရှိအချိန်ထိ ပိတ်ထားရဆဲဖြစ်ပါတယ်။

 

ဓာတ်ပုံ – MOI

 

ပုံစာ – အခု ၂၀၂၄-၂၅ ပညာသင်နှစ်မှာ ကျောင်းအပ်နေကြစဉ်