မန်း PDF ရှိတယ်ဆိုပြီး စစ်ကောင်စီက စစ်ကိုင်းမြို့မှာ ဗုံးကြဲလို့ ဒေသခံ သုံးဦးသေဆုံး
စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့နယ်၊ မြင်းဆည်ရွာကို ယမန်နေ့ ဇန်န၀ါရီလ ၃ ည ၁၁ နာရီခန့်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒါဟာ ဒီနှစ်ထဲ စစ်ကိုင်းတပ်မဟာသစ်ဖွဲ့မယ်ဆိုတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)ရဲ့ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်ထုတ်ပြန်ချက်ကြောင့် မန္တလေးကနေ အလွယ်တကူကူးလာနိုင်တဲ့ မြင်းဆည်ရွာကို ဗုံးကြဲတိုက်ခိုက်တာဖြစ်တယ်လို့ စစ်ကိုင်းမြို့နယ်အခြေစိုက် ၂၉ နှစ်ခန့် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“မနေ့ညက Fighter နဲ့ Y-12 နဲ့ရောကြဲတာ။ မြင်းဆည်က မန္တလေးတိုင်းက ငါန်းဇွန်နဲ့ နီးတယ်။ ဒီတော့ မန်း PDF ထိုင်တယ်။ အထင်နဲ့ ကြဲတာ။ လူတွေရော၊ အိမ်တွေရော ပျက်ဆီးထားတယ်” လို့ သူက ပြောပါတယ်။
ဒီလိုတိုက်ခိုက်မှုကြောင့် ဒေသခံအရပ်သား သုံးဦးသေဆုံးတဲ့အပြင် ၁၀ ဦးထက်မနည်းဒဏ်ရာရနိုင်ပြီး နေအိမ် ၂၀ ခန့် ပျက်ဆီးခဲ့တယ်လို့ ဒေသခံနဲ့ ရဲဘော်တွေရဲ့အပြောအရ သိရပါတယ်။
အဲဒီဒေသက ထိခိုက်သေဆုံးမှုအသေးစိတ်ကို ထပ်မံအတည်ပြုနိုင်ဖို့ CJ Platform က ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။
ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေမှာ ဇန်နဝါရီ ၃ ရက်နေ့ ညပိုင်းက မြင်းဆည်ရွာရှိ PDF စခန်းကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲရှင်းလင်းမှုပြုလုပ်ခဲ့ပြီး PDF အဖွဲ့တွေ ထိခိုက်သေဆုံးမှု များပြားခဲ့တယ်လို့ ဒီကနေ့ ဇန်န၀ါရီ ၄ ရက်မှာ ဖြန့်ဝေထားကြပါတယ်။
မန်း PDF ရဲ့ စစ်ကိုင်းတိုင်းထဲ စစ်ရေးအရှိန်မြှင့်မယ်ဆိုတဲ့သတင်းကြောင့် စစ်ကောင်စီဘက်က စစ်ကိုင်းမြို့နယ်ထဲက ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်တာတွေပြုလုပ်လာခြင်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်။ နိုဝင်ဘာလ ၂၀ ရက်နေ့ကလည်း စစ်ကောင်စီက မြင်းဆည်ရွာကို လေကြောင်းပစ်ခတ်မှု လုပ်ဆောင်ခဲ့ပေမဲ့ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းတွေပျက်စီးပြီး နွားသုံးကောင်သေဆုံးခဲ့ပါတယ်။
စစ်ကိုင်းမြို့နယ်အတွင်း ကျေးရွာအများစုက ဒေသခံတွေဟာ စစ်ဘေးရှောင်နေကြရသလို နေအိမ်တွေကို ပြန်လည်နေထိုင်ကြသူတွေလည်း ရှိနေကြပြီး အခုလို လေကြောင်းတိုက်ခိုက်မှုတွေကို အမြဲစိုးရိမ်နေကြရပါတယ်။
ဒါ့အပြင် စီးပွားရေးလုပ်ငန်း၊ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေကိုလည်း ကောင်းမွန်စွာလုပ်ဆောင်နိုင်ခြင်းမရှိတာကြောင့် စီးပွားရေးကျပ်တည်းနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဓာတ်ပုံ – စစ်ကိုင်းမြို့နယ်သတင်းမှန်ပြန်ကြားရေး
ပုံစာ – ၂၀၂၂ ခုနှစ်အတွင်း မြင်းဆည်ရွာ၊ သုံးလင့်ရွာက နေအိမ်တွေကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့စဥ်(ပုံဟောင်း)