မြိုင်နဲ့ ဒီပဲယင်းက သံဃာတော်တွေ စစ်ကောင်စီကို ပတ္တနိက္ကုဇနကံဆောင် သပိတ်မှောက်

Author အဂ္ဂ၊CJ
Categories
Published on Jun 29, 2024

ပဲခူးမြို့ ၊ ဝင်းနိမ္မိတာရုံဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသဆရာတော်ဘုရားကို စစ်ကောင်စီက ပစ်ခတ်သတ်ဖြတ်ခဲ့ပြီးနောက် မြိုင်မြို့နယ်က သံဃာတော်တွေနဲ့ ဒီပဲယင်းမြို့နယ်က သံဃာတော်တွေက  ဇွန်လ ၂၇ရက်နေ့နဲ့ ၂၈ရက်နေ့တွေမှာ ပတ္တနိက္ကုဇနကံဆောင် သပိတ်မှောက်ခဲ့ကြပါတယ်။

 

ဇွန်လ ၂၇ရက်နေ့မှာ မြိုင်မြို့နယ်အတွင်းက သံဃာတော်တွေက “ဘုရားသားတော်ရဟန်းသံဃာတော်တို့တောင် ပေါ်ပေါ်ထင်ထင်ပစ်ခတ်သတ်ဖြတ်နေသော ဓမ္မန္တရာယ် အကြမ်းဖက်စစ်ကောင်စီကို အလိုမရှိကြောင်း” ငြိမ်းချမ်းစွာ သပိတ်မှောက် ကံဆောင်ခဲ့ကြတာပါ။

 

ဇွန်လ ၂၈ရက်နေ့မှာတော့ ဒီပဲယင်းမြို့နယ်မှာ သံဃာတော်တွေနဲ့ ကျောင်းသားပြည်သူ အင်အား ၅၀၀ကျော်ဟာ ပတ္တနိက္ကုဇနကံဆောင် သပိတ်စတင်ပြီလို့ ငြိမ်းချမ်းစွာ ချီတက်သပိတ်မှောက်ခဲ့ပါတယ်။

 

“သံဃာ တွေက ပြောတာပေါ့ သပိတ်ကိုလုပ်ချင်ကြကြောင်းဆိုတော့ ကျွန်တော်တို့ က ဦးဆောင်ပြီး လုပ်ခဲ့တာပါ။ ခု ဒီဆန္ဒပြသူတွေဟာ သူတို့ အိမ်မီးရှို့ခံရတုန်းကတောင် ဆန္ဒပြကြတာမဟုတ်ဘူး။ ဒီပဲယင်းမြို့လုံးနီးနီးပါပဲလာကြတာ။ အင်အားက ကျွန်တော်တို့ထင်တာထက်များလာတာ”လို့ S&C မီးဘေးစစ်ဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့က ကိုစိုးမိုးအောင်က ပြောပါတယ်။

 

စစ်ကောင်စီဟာ ဝင်းနိမ္မိတာရုံဆရာတော်ဘုရားကို ပစ်သတ်ခဲ့ပြီးနောက်မှာ သူတို့ လုပ်ဆောင်တာမဟုတ်ဘူးလို့ လိမ်လည်ထုတ်ပြန်ခဲ့ပါသေးတယ်။ ဒီ့နောက်မှာ ကန်သုံးဆင့်ဆရာတော်ဘုရားက ဖြစ်ရပ်မှန်ကို မိန့်ကြားခဲ့ပြီးနောက်မှာမှ စစ်ကောင်စီဟာ သူတို့ လုပ်ရပ်ကို ဝန်ခံခဲ့တာဖြစ်ပါတယ်။

 

ရုပ်သံ – S&C