မြဝတီ ခလရ-၂၇၅ တပ်စခန်းသို့ စစ်ကောင်စီ လေကြောင်းဖြင့် စစ်ကူများချပေးနေဟုဆို

Author လင်းနွေဦး
Categories
Published on Apr 29, 2024

ကရင်ပြည်၊ မြဝတီမြို့နယ်၊ မြို့စောင့်တပ် ခလရ-၂၇၅ တပ်စခန်းအတွင်းသို့ စစ်ကောင်စီမှ ရဟတ်ယာဉ်များ အသုံးပြုကာ ယနေ့ ဧပြီလ ၂၉ ရက် နေ့လယ်ပိုင်းတွင် သယ်ယူပို့ဆောင်ရေးပြုလုပ်ပေးနေသည်ဟု မြဝတီ ဒေသခံများနှင့် ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

 

စစ်ကောင်စီမှ ယနေ့ မွန်းလွဲ ၁၂ နာရီ ခွဲဝန်းကျင်တွင် ရဟတ်ယာဉ် နှစ်စင်းအသုံးပြု၍ လူတင်ခြင်း၊ လက်နက်ခဲယမ်းများ ပို့ဆောင်ခြင်းများပြုလုပ်နေကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

 

“စကစက လူအနည်းငယ်တော့ လာချထားတယ်။ ဒီနေ့နေ့လယ်လည်း လူတွေ ထပ်ရောက်တယ်ကြားတယ်။ ၁၂ ခွဲလောက်မှာ ရဟတ်ယာဉ်သုံးပြီး လူလာချသွားတာ” ဟု အသက် ၂၁ နှစ်အရွယ် မြေပြင်အမျိုးသမီးတော်လှန်ရေး ရဲဘော်တစ်ဦးက CJ Platform သို့ပြောသည်။

 

အောင်ဇေယျ စစ်ဆင်ရေးဟု စစ်ကောင်စီဘက်က နာမည်ပေးထားသည့် စစ်ကြောင်းမှာလည်း ကော့ကရိတ်မှ မြဝတီသို့ တက်လာနိုင်ခြင်းမရှိသေးဘဲ ကော့ကရိတ်မြို့အနီးရှိ ဒေါနတောင်ခြေတွင်ပင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ‌တော်(KNLA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပူးပေါင်းမဟာမိတ်တပ်များမှ ကြားဖြတ်တိုက်ခိုက်နိုင်မှုများ ပြုလုပ်ထားနိုင်ဆဲဖြစ်သည်။

 

KNLA နှင့် ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များမှ ဧပြီ ၁၁ ရက်နေ့တွင် ခလရ-၂၇၅ တပ်ရင်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ယင်းစခန်းမှ တပ်ဖွဲ့ဝင် ၂၀ဝ ဝန်းကျင်မှာ လက်နက်မချဘဲ မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတားအမှတ်(၂)အနီးသို့ ထွက်ပြေးပုန်းရှောင်ခဲ့သည်။ ၎င်းတို့ကို ဧပြီ ၂၀ ရက်နေ့တွင် တော်လှန်ရေးတပ်ဖွဲ့များ ဒရုန်းအပါအဝင် မြေပြင်က ဝင်ရောက်ချေမှုန်းရာ တပ်မ(၄၄) တပ်မမှူးအပါအဝင် စစ်ကောင်စီ တပ်သား ၃၀ ကျော် ဒဏ်ရာရရှိခဲ့ကာ စစ်ကောင်စီတပ်သား ၃၀ ကျော်သေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မှ တရားဝင်ထုတ်ပြန်ထားသည်။

 

ကရင်အမျိုးသားအလံ လွှင့်ထူနိုင်ခဲ့သည့် ခလရ-၂၇၅ တပ်စခန်းကို ဧပြီ ၂၃ ရက် အင်္ဂါနေ့တွင် စစ်ကောင်စီထံသို့ ပြန်လည်လက်လွှတ်ခဲ့ရသည်။

 

ရုပ်သံ – လူမှုကွန်ရက်

 

ရုပ်သံစာ – ယနေ့ ဧပြီ ၂၉ ရက် နေ့လယ်ပိုင်းက မြဝတီမြို့ ခလရ ၂၇၅ အနီးပျံသန်းနေသည့် စစ်ရဟတ်ယာဉ်နှစ်စီးကို တွေ့မြင်ရစဉ်