ရွှေပြည်သာတွင် အိမ်ခြေ ၃၀ နီးပါး မီးလောင်ဆုံးရှုံး

Author ကိုထက်
Categories
Published on Apr 29, 2024

 

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ် ၁၂ ရပ်ကွက်တွင် ယနေ့ နေ့လယ်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ပြီး အိမ်ခြေ ၂၆ လုံး မီးလောင်ဆုံးရှုံးကြောင်း ရွှေမေတ္တာလူမှုကူညီရေးအသင်းထံမှ သိရသည်။

ရွှေပြည်သာမြို့နယ်၊ (၁၂)ရပ်ကွက်၊ မဉ္ဇူလမ်းနှင့် ဗေဒါလမ်းထောင့်က မြေငှားတဲအိမ်စုများ မီးလောင်ကျွမ်းခဲ့ခြင်းလည်းဖြစ်သည်။

 

“နေ့လယ် ၁၂ နာရီလောက်က စလောင်တာ။ ဝါးအိမ်တွေဆိုတော့ မီးက အကုန်လောင်တာပဲ။ အဲဒီတစ်စုလုံး၊ တစ်အိမ်၊ နှစ်အိမ်ပဲကျန်တယ်။ လူအထိအခိုက်တော့ မရှိပါဘူး။ မီးသတ်ကားကတော့ သုံးစီးနဲ့ ငြှိမ်းနိုင်ခဲ့တယ်” ဟု ရွှေမေတ္တာလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက ပြောသည်။

 

မီးလောင်ဆုံးရှုံးသွားသော အိမ်ထောင်စုများအတွက် စားစရာ၊ ရေသန့်များကို အလှူရှင်အချို့က လှူဒါန်းထားပြီး ပေးဝေရေးစီစဉ်နေသည်ဟု ၎င်းက ဆက်ပြောသည်။

 

လတ်တလော မီးလောင်ပျက်စီးသည့် အိမ်ခြေ ၂၆ လုံးမှ လူဦးရေ ၁၁၂ ဦးကို ရွှေပြည်သာရွာမဘုန်းတော်ကြီးကျောင်း၌ ယာယီနေထိုင်ခွင့်ပေးထားကြောင်း ယင်းမြို့ခံများထံမှ သိရသည်။

၁၂ နာရီ ၄ မိနစ်က စတင်လောင်ကျွမ်းသည့်မီးလောင်မှုသို့ ရွှေပြည်သာမြို့နယ် မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ်သုံးစီးဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာတွင် မိနစ် ၃၀ ခန့်အကြာ ၁၂ နာရီ ၃၃ မိနစ်တွင် ငြှိမ်းသတ်နိုင်ခဲ့သည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

 

ပြီးခဲ့သည့် ဇန်နဝါရီလကလည်း သင်္ဃန်းကျွန်းမြို့နယ်က ဂက်စ်သိုလှောင်ရုံ ပေါက်ကွဲမီးလောင်မှုကြောင့် နေအိမ်များဆုံးရှူံးခဲ့ရသည်။

 

ဓာတ်ပုံ – ရွှေမေတ္တာလူမှုကူညီရေးအသင်း