စစ်ကိုင်းက အင်အားပြင်းမြေငလျင်ရဲ့ နောက်ဆက်တွဲမြေငလျင် ၆၀ ခန့်လှုပ်ခတ်ခဲ့

မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းနဲ့ မန္တလေးမြို့များ အနီး ဗဟိုပြုပြီး အင်အား ၇ ဒသမ ၇ အဆင့်ရှိ အလွန်ပြင်းထန်တဲ့ ငလျင်ကြီး မနေ့က လှုပ်ခတ်ခဲ့ပြီးနောက် မနေ့က ည ၁၂ နာရီအထိ နောက်ဆက်တွဲ မြေငလျင်တွေအဖြစ် အကြိမ် ၆၀ လှုပ်ခတ်ခဲ့တယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အခု လှုပ်ခတ်ခဲ့တဲ့ငလျင်ကြီးဟာ စစ်ကိုင်းပြတ်ရွေ့ရဲ့ အလယ်ပိုင်း တလျှောက် လှုပ်ခတ်ခဲ့တာ ဖြစ်ပြီး နောက်ဆက်တွဲ ငလျင်ငယ်များ စစ်ကိုင်းပြတ်ရွေ့တလျှောက် ဆက်လက်လှုပ်ခတ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
“ငလျင်လှုပ်တာတွေရဲ့ သဘောက နောက်ဆက်တွဲငလျင်တွေများလာပြီးရင် ပြတ်ရွေ့ကြောပေါ်မှာဖြစ်တဲ့ ငလျင်ကြီးလှုပ်နိုင်တဲ့ စွမ်းအင်/စွမ်းအား လျော့ကျသွားပါတယ်။ လေးညှို့ဆွဲအားလိုပါဘဲ၊ ခပ်ပြင်းပြင်းတချက် လွှတ်လိုက်ပြီးရင် ခါနေတာကျန်ပေမဲ့၊ စစချင်း လွှတ်လိုက်သလောက်တော့ မပြင်းတော့ပါ “ လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က မှတ်ချက်ပြုထားပါတယ်။
ဒါကြောင့် အင်အား ၅ မဂ္ဂနီကျုမကျော်တော့တဲ့ နောက်ဆက်တွဲငလျင်တွေလှုပ်တာဖြစ်ပြီး ငလျင်ကြီးထပ်ပြီး မလှုပ်နိုင်တော့ဘူးလို့ သူကသုံးသပ်ထားပါတယ်။
စစ်ကိုင်းမြို့နဲ့ မန္တလေးမြို့အနီးလှုပ်ခတ်ခဲ့တဲ့ မြေငလျင်အပြီး နောက်ဆက်တွဲမြေငလျင်ငယ်တွေအဖြစ် ရွှေဘို၊ ဖြူး၊ တောင်ငူ၊ မတ္တရာ၊ ဟုမ္မလင်း၊ ပြင်ဦးလွင်၊ ပိန်းဇလုပ်၊ တပ်ကုန်း စတဲ့ မြို့ပေါင်း ၄၀ ကျော်ကို ဗဟိုပြုပြီး ငလျင်ငယ်ပေါင်း ၆၀ လှုပ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
ဒီငလျင်လှုပ်ခတ်မှုကြောင့် နေပြည်တော်မှာ ၉၆ ဦး၊ စစ်ကိုင်းမှာ ၁၈ ဦးနဲ့ ကျောက်ဆည်မှာ ၃၀ဦး စုစုပေါင်း လူပေါင်း ၁၄၄ ဦးသေဆုံးပြီး ၇၀၀ ကျော် ဒဏ်ရာရရှိတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပြီး သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရရှိသူ ထပ်တိုးနိုင်တယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီက ထုတ်ပြန်ထားတဲ့ သတင်းတွေထဲ မန္တလေးတိုင်းကမပါဝင်သေးပဲ မန္တလေးမြို့ပေါ်မှာတော့ ကူညီကယ်ဆယ်ရေးတွေ ညအချိန်မှာပါ ဆောင်ရွက်နေကြရပြီး မြို့ခံအချို့ကတော့ ကျုံးအနောက်ဘက်က ပလပ်ဖောင်းတွေပေါ်မှာ ထွက်အိပ်နေကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
“ အဆောက်အဦတစ်ခုထဲမှာတင် အနည်းဆုံး လူရာကျော်ပိတ်မိနေတာတွေရှိတယ်။ အသက်ရှင်ဖို့တော့ မဖြစ်လောက်ဘူး။ အခုထိ ရှာဖွေကယ်ဆယ်နေတုန်းပါ” လို့ ကူညီကယ်ဆယ်ရေး ပြုလုပ်နေတဲ့ လူငယ်တစ်ဦးက ညသန်းခေါင်ယံအချိန်မှာ CJ Platform ကိုပြောပါတယ်။
မြေသားပြတ်ရွေ့မှု ရှည်လျားကျယ်ပြန့် နေတဲ့အတွက် အလားတူ ငလျင်ကြီးတွေ ဆက်လက် ဖြစ်ပေါ် နိုင်လို့ စစ်ကိုင်းပြတ်ရွေ့ရဲ့ အလယ်ပိုင်း နဲ့ တောင်ပိုင်း တလျှောက်ရှိ ရွှေဘိုမြို့၊ မန္တလေးမြို့၊ နေပြည်တော်၊ ပျဉ်းမနားမြို့၊ တောင်ငူမြို့၊ ပဲခူးမြို့၊ ရန်ကုန်မြို့ စတဲ့မြို့ကြီးတွေနဲ့ အနီး ပတ်ဝန်းကျင် ဒေသတွေက ပြည်သူတွေ အနေနဲ့ သတိပြုနေထိုင်သင့်တယ်လို့ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ် ၊ မြန်မာနိုင်ငံငလျင်ကော်မတီကနေလည်း ဒီကနေ့မှာ ထုတ်ပြန်ထားပါတယ်။
ပုံစာ – ငလျင်ကြောင့် ပျက်စီးသွားမှုတစ်ခုကို မြင်ရပုံ