ဇနီးမီးဖွားလို့ ရုတ်တရက်အင်္ဂလန်ပြန်တဲ့ ကွင်းလယ်ကစားသမား အသင်းနဲ့ပြန်ပူးပေါင်း

Author မောင်ရှမ်း
Categories
Published on Jun 28, 2024

ဂျာမနီနိုင်ငံမှာကျင်းပနေတဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲဝင် အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ဖီးလ် ဖိုဒန်ဟာ ကြာသပတေးနေ့ ဇွန် ၂၇ ရက်နေ့ ညပိုင်းမှာ အသင်းရဲ့ လေ့ကျင့်ရေးစခန်းကနေ အင်္ဂလန်ကို ရုတ်တရက်ပြန်သွားခဲ့ပါတယ်။

 

သူ အင်္ဂလန်ကို ပြန်သွားရခြင်းအကြောင်းနဲ့ပတ်သက်ပြီး ဘောလုံးအဖွဲ့ချုပ်ကတော့ မိသားစုအရေးပေါ်ကိစ္စကြောင့် ခဏတာ ပြန်သွားတာလို့ ထုတ်ပြန်ပါတယ်။

 

အကြောင်းကတော့ အသက် ၂၄ နှစ်အရွယ် ဖိုဒန်ရဲ့ ဇနီးသည်ဟာ တတိယမြောက်ရင်သွေးငယ်ကို မွေးဖွားချိန်ဖြစ်နေတာကြောင့် ဖခင်ဖြစ်သူ ဖိုဒန်အနေနဲ့ ခဏတာ သွားရောက်ကြည့်ရှုခဲ့ခြင်းဖြစ်ပြီး ဒီနေ့ ဇွန် ၂၈ ရက် မနက်ပိုင်းမှာ ဂျာမနီကို ပြန်ရောက်လာပြီးနောက် အသင်းရဲ့ လေ့ကျင့်ရေးစခန်းမှာ ပြန်လည်ပူးပေါင်းနေပြီလို့ သိရပါတယ်။

 

ဖိုဒန်ဟာ ယူရို ၂၀၂၄ ပြိုင်ပွဲရဲ့ အုပ်စုအဆင့်မှာ အင်္ဂလန်အသင်းအတွက် ပွဲစဉ် သုံးပွဲလုံးပါဝင်ကစားပေးထားပြီး ဆောက်ဂိတ်အတွက် အားထားရတဲ့ ကစားသမားတစ်ယောက်လည်းဖြစ်ပါတယ်။

 

၂၀၂၀ ခုနှစ် စက်တင်ဘာလကစပြီး အင်္ဂလန်လက်ရွေးစင်အသင်းအတွက် စတင်ပွဲထွက်ခွင့်ရခဲ့တဲ့ မန်စီးတီး လူငယ်ကစားသမား ဖိုဒန်ဟာ အခုဆိုရင် နိုင်ငံအသင်းအတွက် ၃၇ ပွဲအထိ ကိုယ်စားပြုကစားပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

 

ဖိုဒန်ရဲ့ အင်္ဂလန်အသင်းဟာ ၁၆ သင်းရှုံးထွက်အဆင့်မှာ ဆလိုဗက်ကီးယားနဲ့ တွေ့ဆုံနေပြီး ဇွန် ၃၀ ရက်နေ့ မြန်မာစံတော်ချိန် ည ၁၀ နာရီခွဲမှာ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

 

ဓာတ်ပုံ – The Sun