ဒိုက်ဦးက ကျေးရွာ ၉ ခုမှာ ရေကြီးနစ်မြုပ်နေလို့ လူသားချင်းစာနာမှုအကူအညီများလိုအပ်နေ


ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်က ရွာကိုးခုမှာ ရေနစ်မြုပ်နေတာကြောင့် ရေသန့်၊ အစားအသောက်နဲ့ ဆေးဝါးများ လိုအပ်နေတယ်လို့ အဲဒီမှာကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးနေတဲ့ အဖွဲ့တစ်ခုထံမှ သိရပါတယ်။

 

အခုရက်တွေအတွင်း ပဲခူးမြစ်ရေပြန်ကျလာပေမဲ့ ဒိုက်ဦးမြို့က သုံးခွကျေးရွာအုပ်စုနဲ့ မင်္ဂလွန်းကျေးရွာအုပ်စုတို့မှာ ရေမကျသေးဘဲ ဆက်လက်တိုးလာနေတယ်လို့ ဆိုပါတယ်။

“ဒေသခံတွေကတော့ အမြင့်ပိုင်းမှာရှိတဲ့ ဘုန်းကြီးကျောင်းတချို့နဲ့ အိမ်အမြင့်တချို့မှာ သွားနေကြတယ်။ တချို့ကတော့ မင်္ဂလွန်းမှာဖွင့်ထားတဲ့ ကယ်ဆယ်ရေးစခန်းမှာနေကြတယ်။ ကူညီရေးအဖွဲ့က ကျွန်တော်တို့ တစ်ဖွဲ့ပဲရှိပါသေးတယ်” လို့ Save The Trees Rescue အသင်း ဥက္ကဋ္ဌ ကိုကျော်သူရက CJ Platform ကို ပြောပါတယ်။

 

ကူညီကယ်ဆယ်ရေးအဖွဲ့အဖြစ် ဩဂုတ်လ ၁ ရက်နေ့အထိ ၎င်းတို့ တစ်ဖွဲ့တည်းသာ ရောက်ရှိနေတာကြောင့် လိုအပ်ချက်တွေရှိနေတယ်လို့ ၎င်းက ဆိုပါတယ်။

 

ဒါ့အပြင် ရေမြုပ်ရွာ ကိုးခုက ရေဘေးရှောင်တွေအတွက် ကယ်ဆယ်ရေးစခန်းမှာလည်း တစ်ခုတည်းသာရှိပြီး လတ်တလော ဒေသခံတွေအနေနဲ့ သောက်သုံးရေ အဓိကလိုအပ်နေတဲ့အပြင် စားနပ်ရိက္ခာနဲ့ ဆေးဝါးများလည်း လိုအပ်နေတယ်လို့ ၎င်းက ဆက်ပြောပါတယ်။

 

ဒိုက်ဦးမြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ရဲနွယ်ချောင်းရေ မြင့်တက်လာတဲ့အပြင် ဇူလိုင်လကုန်ပိုင်းကတည်းက နေ့စဉ်လို မိုးသည်းထံစွာရွာသွန်းမှုကြောင့် အခုလို ရေကြီးနစ်မြုပ်မှုတွေဖြစ်ပေါ်လာတဲ့အတွက် လယ်ဧကများစွာလည်း ရေကြီးနစ်မြုပ်ဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

 

ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်တုန်းကလည်း ယခုလို ရေကြီးနစ်မြုပ်မှုဒဏ်ခံစားခဲ့ရပြီး အဲဒီတုန်းကလည်း လယ်ဧကများစွာ ပျက်စီးဆုံးရှုံးခဲ့ရပါတယ်လို့ သိရပါတယ်။

 

 

ဓာတ်ပုံ – Save The Trees Rescue