နှစ်လကျော် လျှပ်စစ်မီး ပြတ်တောက်ခဲ့ရတဲ့ တီးတိန်မြို့မှာ မီးပြန်ရပြီ

Author ဆလိုင်း
Categories
Published on Jul 27, 2024

ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့မှာ တိုက်ပွဲတွေကြောင့် နှစ်လတာနီးပါး လျှပ်စစ်မီး ပြတ်တောက်ခဲ့ပြီးနောက် မနေ့ ဇူလိုင် ၂၆ရက်နေ့မှာ ပြန်လည်ရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ မေ ၂၇ရက်ကနေ စတင်ပြီး တစ်မြို့လုံး လျှပ်စစ်မီး ပြတ်တောက်ခဲ့ရတာ ဖြစ်ပါတယ်။

 

လျှပ်စစ်မီး ပြန်လည်ရရှိပြီးနောက် wifi စက်နဲ့ အင်တာနက်လည်း ပြန်လည်အသုံးပြုခွင့် ရရှိခဲ့တယ်လို့ တီးတိန်ဒေသခံ အမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“မနေ့ နေ့လယ်လောက်က မီးပြန်ရပါပြီ။ မီးကို ဘယ်လိုပေးမလဲဆိုတာတော့ မသိရသေးဘူး။ မီးပြန်ရတော့ Hyper Line ရဲ့ Wifi Cable  လိုင်းလည်း ပြန်ရပြီ။”လို့ ၎င်းက ဆိုပါတယ်။

 

တီးတိန်မြို့မှာ အရင်က ဇလွေးရေအားလျှပ်စစ်ရုံကနေ တစ်ပတ်ကို နှစ်ရက်သာ လျှပ်စစ်မီး ဖြန့်ဝေပေးခဲ့ပေမယ့် နှစ်လကြာ ပြတ်တောက်ပြီး အခုလို ပြန်လည်ရရှိချိန်မှာတော့ ဘယ်လိုတွေ ပေးဝေမယ်ဆိုတာတော့ မသိရသေးပါဘူး။

 

အဲ့ဒီအပြင် တိုက်ပွဲကြောင့် ရပ်နားထားတဲ့ ဆေးရုံအပါဝင် ဌာနဆိုင်ရာ ရုံးတွေကိုလည်း ပြန်လည်ဖွင့်လှစ်ဖို့ စစ်ကောင်စီက ပြင်ဆင်နေတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“မီးလည်း ပြန်ရပြီ။ ကျောင်းကလည်း ပြန်ဖွင့်နိုင်ခဲ့ပါပြီ။ အခုခါ ဆေးရုံကိုလည်း ပြန်ဖွင့်ဖို့ လုပ်နေပါတယ်။ စစ်သားတွေနဲ့ ဒေသခံလူကြီးတွေ ပူးပေါင်းပြီး ဆောင်ရွက်နေကြပါတယ်။”လို့ ၎င်းက ဆိုပါတယ်။

 

တီးတိန်မှာ မေလ ၂၆ ရက်နေ့က စစ်ကောင်စီတပ်နဲ့ ချင်းညီနောင်တို့ တိုက်ပွဲပြင်းထန်ပြီ တိုက်ပွဲတွင်း မြို့ခံတွေ အားလုံးနီးပါးထွက်ပြေးတိမ်းရှောင်ရာကနေ ပြန်လည်ရောက်ရှိလာပြီလို့ သိရပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်

 

ပုံစာညွှန်း – တီးတိန်မြို့ကိုမြင်ရပုံ (ပုံဟောင်း)