တီးတိန်မှာ တိုက်ပွဲတွေမဖြစ်လာခင် ဒေသခံတွေ ပစ္စည်းတွေ ကြိုတင်ပြောင်းရွှေ့နေ

Author ဆလိုင်း
Categories
Published on Jan 02, 2025

ချင်းပြည်၊ တီးတိန်မြို့မှာ တိုက်ပွဲမဖြစ်ခင် ဒေသခံပြည်သူတွေဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့ကစပြီး လုံခြုံတဲ့ ဒေသနဲ့ ကျေးရွာတွေဆီ ပစ္စည်းပြောင်းရွှေ့မှုတွေ လုပ်ဆောင်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။

 

တီးတိန်မြို့ဟာ ချင်းညီနောင်အဖွဲ့ရဲ့ တစ်ခုတည်းသော ထိုးစစ်ဆင်တိုက်ခိုက်ဖို့ ကျန်ရှိနေသေးတဲ့မြို့ဖြစ်တဲ့အတွက် အချိန်မရွေး ထိုးစစ်ဆင်လာနိုင်တာကြောင့် ဒေသခံပြည်သူတွေဟာ အခုလို ကြိုတင်ပြင်ဆင်နေကြတာလို့ ဆိုကြပါတယ်။

 

“လောလောဆယ် လူတွေက ထွက်ပြေးတိမ်းရှောင်တာတွေမျိုး မရှိသေးပါဘူး။ အဓိက လေးလံတဲ့ပစ္စည်းတွေကိုပဲ ကြိုတင်ပြောင်းရွေ့နေကြတာဖြစ်ပါတယ်။ လူကတော့ ဘယ်အချိန်ဖြစ်ဖြစ် ပြေးလို့လွယ်တယ်” လို့ အသက် ၃၀ နှစ်အရွယ် တီးတိန်ဒေသခံအမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ပစ္စည်းတွေကို တီးတိန်မြို့နယ်ထဲက တိုက်ပွဲနဲ့ ကင်းလွတ်နိုင်မယ့် ကျေးရွာတွေနဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာရှိတဲ့ ဆွေးမျိုး၊ အသိမိတ်ဆွေတွေဆီမှာ ပြောင်းရွှေ့နေကြတာဖြစ်တယ်လို့ သိရပါတယ်။

 

ချင်းညီနောင်အဖွဲ့ရဲ့ မင်းတပ်၊ ကန်ပက်လက် မြို့သိမ်းစစ်ဆင်ရေး အောင်မြင်ပြီးနောက် ဖလမ်းမြို့သိမ်းတိုက်ပွဲ အရှိန်မြင့်လာတာနဲ့တပြိုင်နက် တီးတိန်မြို့သိမ်း တိုက်ပွဲလည်း ဆင်နွှဲနိုင်တာကြောင့် ဒေသခံတွေအနေနဲ့ စိုးရိမ်နေကြတာဖြစ်ပါတယ်။

 

“ကျွန်တော်တို့ တီးတိန်မြို့သိမ်းတိုက်ပွဲဖြစ်လာမှာကို အရမ်းစိုးရိမ်တယ်။ အရင်နှစ်ကလည်း မြို့သိမ်းတိုက်ပွဲကြောင့် လူတွေ သေကြတယ်။ အိမ်တွေ မီးရှို့ခံရသလို လူတွေ ထွက်ပြေးနေရတယ်။ အခုလည်း အဲဒီလိုဖြစ်မှာကို စိုးရိမ်နေတယ်။ မလွှဲမရှောင်သာလို့သာ တိုက်ပွဲဖြစ်လာရင်ဆိုတဲ့ အတွေးနဲ့ ပစ္စည်းတွေရွှေ့နေကြတာပါ” လို့ အသက် ၄၀ နှစ်အရွယ် တီးတိန်ဒေသခံ အမျိုးသမီးတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် မေလ ၂၆ ရက်နေ့ကဖြစ်ပွားခဲ့တဲ့ တီးတိန်မြို့သိမ်းတိုက်ပွဲကြောင့် အရပ်သား ငါးဦးထက်မနည်း သေဆုံးပြီး လူနေအိမ် ၇၀ ကျော် မီးလောင်ပျက်စီးကာ ဒေသခံပြည်သူ ၁၀,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

 

တီးတိန်မြို့သိမ်းတိုက်ပွဲနဲ့ပတ်သက်လို့ ချင်းညီနောင်အဖွဲ့က တစ်စုံတစ်ရာ ထုတ်ပြန်ထားတာမရှိပေမဲ့ ဒီဇင်ဘာလ ၂၃ ရက်နေ့က ကျင်းပပြုလုပ်တဲ့ ချင်းညီနောင် သတင်းစာ ရှင်းလင်းပွဲမှာ မြို့သိမ်းတိုက်ပွဲ ဆက်လက်အရှိန်မြှင့်တင်သွားမယ်လို့ တာဝန်ရှိသူတွေက ပြောကြားထားပါတယ်။

 

ချင်းညီနောင်အဖွဲ့ ဖွဲ့စည်းပြီး တစ်နှစ်တွင်း ချင်းပြည်အတွင်းက မတူပီ၊ ကျင်ဒွေး၊ ကန်ပက်လက်၊ မင်းတပ် စတဲ့မြို့ လေးခုကို သိမ်းပိုက်ရရှိပြီး ဖလမ်းမြို့သိမ်းတိုက်ပွဲလည်း ဆက်လက်ပြင်းထန်နေပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်

 

ပုံစာ – ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ မေလ ၂၆ ရက်နေ့ကဖြစ်ပွားတဲ့ မြို့သိမ်းတိုက်ပွဲတွင်း မီးရှို့ဖျက်ဆီးခံရတဲ့ တီးတိန်မြို့တွင်း တစ်နေရာကို တွေ့မြင်ရစဥ်(ပုံဟောင်း)