ရန်ကုန်မှာ ရပ်ကွက်ထဲထိ စီးနင်းရှာဖွေမှု စစ်ကောင်စီ ဆက်တိုက်လုပ်

Author ကိုထက်
Categories
Published on Jun 27, 2024

ရန်ကုန်မြို့မှာ ဇွန်တတိယပတ်ရဲ့ ရက်ပိုင်းတွေထဲ စစ်ကောင်စီတပ်က မြို့ပြပျောက်ကြားတပ်ဖွဲ့ဝင်တွေကို မြို့နယ်တချို့က ရပ်ကွက်များအတွင်းအထိ စီးနင်းရှာဖွေမှုတွေ ဆက်တိုက်လုပ်ဆောင်လာနေတယ်လို့ ရပ်ကွက်နေပြည်သူများထံမှ သိရပါတယ်။

 

လှိုင်၊ ကမာရွတ်၊ မြောက်ဥက္ကလာပမြို့နယ်တွေက ရပ်ကွက်တချို့က နေအိမ်နဲ့ အဆောင်တွေကို သတင်းအရလို့ဆိုကာ အင်အားသုံးစီးနင်းရှာဖွေတာတွေလုပ်တယ်လို့ CJ Platform သတင်းဌာနက စုံစမ်းသိရှိရပါတယ်။

 

“ရှေ့တစ်ပတ်လောက်တည်းက သူတို့(စစ်ကောင်စီတပ်သား)တွေ နေ့ဘက်တွေလည်း ရပ်ကွက်ထဲကို DC ကားတွေနဲ့ဝင်ချလာတာ။ သတင်းအရ လာတာဆိုပြီး။ ‌အိမ်တချို့ကို ရှာ‌ဖွေမေးတာတွေလုပ်တယ်။ အဆောင်ပိုင်ရှင်တွေကိုလည်း လူစိမ်းလက်မခံဖို့၊ မသင်္ကာတဲ့သူရှိရင် အုပ်ချုပ်ရေးမှူးကနေတစ်ဆင့် အကြောင်းကြားဖို့ ‌ပြောသွားတာတွေရှိတယ်” လို့ လှိုင်မြို့နယ်၊ ၉ ရပ်ကွက်မှာ နေထိုင်သူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ဒါ့အပြင် မြောက်ဥက္ကလာပမြို့နယ်ထဲမှာလည်း ညစဉ် ဧည့်စာရင်းစစ်သလို ညဘက်တွေ့တဲ့လူငယ်တွေကို ဖမ်းဆီးခေါ်ဆောင်တာမျိုးတွေလည်း လုပ်နေတယ်လို့ အဲဒီမြို့နယ် (က)ရပ်ကွက်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

 

“PDF တွေကို သတင်းအရရှာတာဆိုပြီး အခုရက်ပိုင်း ဧည့်စာရင်းစစ်တာတွေညတိုင်းပဲ။ ည ၈ နာရီလောက်ဆို ကားတွေနဲ့ပတ်နေပြီ။ လမ်းထိပ်မှာ လူငယ်သဘာဝထွက်ထိုင်နေတဲ့ကောင်လေးတွေဆို တစ်ခါတည်းခေါ်သွားပြီး စစ်တော့တာပဲ။ မနက်လောက်မှ လွှတ်ပေးတယ်။ တစ်ခါတလေဆို နေ့ဘက်‌တွေပါ သတင်းအရဆိုပြီး အိမ်တချို့ကို ဝင်ရှာတာတွေရှိတယ်” လို့ ၎င်းက ပြောပါတယ်။

 

အခုလပိုင်းတွေမှာ စစ်ကောင်စီရဲ့နေရာအတော်များများကို မြို့ပြပျောက်ကြားအဖွဲ့တွေက ဗုံးခွဲတိုက်ခိုက်တာတွေ ခပ်စိတ်စိတ်လုပ်လာနေတာပါ။

 

အဲဒီလို တိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးမှုတွေ ရှိနေတာကြောင့် အခုလို အများပြည်သူရပ်ကွက်တွေထဲအထိ ရှာဖွေတာတွေ လုပ်နေပါတယ်။ ဒါ့အပြင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကလည်း ရန်ကုန်ရောက်လာချိန် တော်လှန်ရေးတပ်ဖွဲ့တွေကို အပြတ်ရှင်းဖို့ အမိန့်ပေးခဲ့ပါတယ်။

 

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း လှိုင်ပကဖက စစ်ကောင်စီက မြို့ပြပျောက်ကြားအဖွဲ့တွေထဲ သူလျှိုထည့်ကာ ဖမ်းဆီးဖြိုခွင်းမှုလုပ်လာကြောင်း အသိပေးထုတ်ပြန်ထားပါသေးတယ်။

 

ပုံစာ – ရန်ကုန်မြို့တွင်း ငြိမ်းချမ်းစွာ ဆန္ဒပြနေသည့် ပြည်သူများကို စစ်ကောင်စီတပ်မှ တားဆီးနေပုံ (ပုံအဟောင်း)