ANP ရဲ့ စစ်ကောင်စီကျင်းပမယ့်ရွေးကောက်ပွဲဝင်ပြိုင်ခွင့် ရွေး/ကော် ပယ်ချ

Author ကိုထားဝယ်
Categories
Published on Jul 02, 2024

ရခိုင်အင်အားကြီးပါတီ ရခိုင်အမျိုးသားပါတီ(ANP)ရဲ့ ဆက်လက်မှတ်ပုံတင်ခွင့်လျှောက်ထားချက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(ရွေး/ကော်)က ပယ်ချလိုက်ပါတယ်။

 

၂၀၁၅ နဲ့ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွေမှာ ရခိုင်ပြည်မှာ NLD ကို ကျော်ဖြတ်ပြီး နေရာအများစုအနိုင်ရခဲ့တဲ့ ANP ရဲ့ စစ်ကောင်စီကျင်းပမယ့်ရွေးကောက်မှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ကို ရွေး/ကော်က ငြင်းပယ်လိုက်ကြောင်း ဒီနေ့ထုတ် စစ်ကောင်စီဝါဒဖြန့်သတင်းစာတွေမှာ ဖော်ပြထားချက်အရ သိရပါတယ်။

 

စစ်ကောင်စီ ရွေး/ကော်ကတော့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ လျှောက်ထားလာတာကို ဝန်ကြီးဌာနတွေရဲ့ ပြန်ကြားချက်အရ ပုဒ်မ ၇ နဲ့ မညီလို့ ပါတီဆက်တည်ထောင်ခွင့်ကို ငြင်းလိုက်တာလို့ ဆိုထားပါတယ်။

 

စစ်ကောင်စီဟာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေသစ်ကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့မှာ ထုတ်ပြန်ပြီးနောက် တည်ရှိပြီးပါတီတွေကိုဖျက်သိမ်းပြီး အသစ်ပြန်လျှောက်ခိုင်းခဲ့ပါတယ်။

 

လက်ရှိအချိန်ထိ စစ်ခေါင်းဆောင်က လာမယ့် ၂၀၂၅ ခုနှစ်ထဲ ကျင်းပနိုင်ဖို့ အပြင်းအထန်ကြိုးပမ်းနေတဲ့ ရွေးကောက်ပွဲကို ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအပါအဝင် ပါတီ ၄၇ ခု ဝင်ပြိုင်ခွင့်ပြုထားပြီး ပါတီ ၈၀ ကျော်ကို စစ်ကောင်စီ ဩဇာခံ ရွေး/ကော်က ပယ်ဖျက်ထားပါတယ်။

 

အခု သူတို့ ငြင်းပယ်လိုက်တဲ့ ရခိုင်အမျိုးသားပါတီကို ၂၀၁၄ ခုနှစ်က ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီနဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်တို့ ပူးပေါင်းဖွဲ့စည်းခဲ့တာပါ။

 

အဲဒီနောက် ၂၀၁၅ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရခိုင်ပြည်ထဲ ANP က လွှတ်တော်ကိုယ်စားလှယ်နေရာ ၄၅ နေရာအထိ နေရာအများဆုံးအနိုင်ရရှိခဲ့ပါတယ်။ သူ့နောက်မှာ NLD က ၁၄ နေရာ၊ ကြံ့ခိုင်ရေးပါတီက ငါးနေရာသာ နိုင်ခဲ့ပါတယ်။

 

အဲဒီနောက် ဂွ၊ သံတွဲ၊ တောင်ကုတ်၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အောင်၊ အမ်းနဲ့ စစ်တွေ စတဲ့ ၈ မြို့နယ်မှာပဲကျင်းပခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ ဝင်ပြိုင်ခဲ့တဲ့ ပါတီ ၈ ခုထဲ ANP က နေရာအများဆုံးအနိုင်ရခဲ့ပြန်ပါတယ်။

 

ANP ဟာ ပြည်နယ်လွှတ်တော်မှာ ခုနစ်နေရာ၊ ပြည်သူ့လွှတ်တော်မှာ လေးနေရာ၊ အမျိုးသားလွှတ်တော်မှာ လေးနေရာနဲ့ ပြည်နယ်လွှတ်တော်မှာ ကိုယ်စားလှယ် နေရာအများစုကို အနိုင်ရခဲ့တာပါ။

 

NLD က ပြည်နယ်လွှတ်တော်မှာ လေးနေရာ၊ ပြည်သူ့လွှတ်တော်မှာ နှစ်နေရာ၊ အမျိုးသားလွှတ် တော်မှာ တစ်နေရာနဲ့ ချင်းတိုင်းရင်းသားရေးရာ တစ်နေရာတို့မှာသာ အနိုင်ရခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲတုန်းက အနိုင်ရခဲ့တဲ့ တောင်ကုတ်နဲ့ မာန်အောင်တို့မှာ အရေးနိမ့်ခဲ့ပါတယ်။

 

ကြံ့ခိုင်ရေးပါတီကတော့ ပြည်နယ်လွှတ်တော်မှာ တစ်နေရာ၊ ပြည်သူ့လွှတ်တော်မှာ တစ်နေရာရရှိခဲ့ပြီး ရခိုင့်ဦးဆောင်ပါတီ AFP က ပြည်နယ်လွှတ်တော်မှာ နှစ်နေရာ၊ ပြည်သူ့လွှတ်တော်မှာ တစ်နေရာ အနိုင် ရရှိခဲ့ကြပါတယ်။

 

 

ဓာတ်ပုံ – Arakan National Party

 

ပုံစာ – ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၉ ရက်က ကျင်းပခဲ့တဲ့ ၈၄ နှစ်မြောက် ရခိုင့်အာဇာနည် ဆရာတော် ဦးဥတ္တမ လွမ်းသူ့ပန်းခွေချပွဲမှာတွေ့ရတဲ့ ANP မှ တာဝန်ရှိသူများကိုတွေ့ရစဉ်