၁၆ သင်းအဆင့်ရဲ့ နောက်ဆုံးညမှာ ဘယ်အသင်းတွေက ကွာတားတက်မလဲ ဘယ်သူတွေက အိမ်ပြန်ရမလဲ

Author ကိုရှမ်း
Categories
Published on Jul 02, 2024

ဒီကနေ့ ဇူလိုင် ၂ ရက်ညမှာတော့ ဂျာမနီနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲရဲ့ ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်တွေထဲက နောက်ဆုံး ၂ ပွဲ ရှိနေပါသေးတယ်။ ပြီးခဲ့တဲ့ရက်တွေမှာတော့ ဆွစ်ဇာလန်နဲ့ ဂျာမနီ၊ အင်္ဂလန်နဲ့ စပိန်၊ ပြင်သစ်နဲ့ ပေါ်တူဂီတို့ ကွာတားဖိုင်နယ်တက်သွားခဲ့ပါပြီ။ ဒီည မြန်မာစံတော်ချိန် ၁၀ နာရီခွဲမှာ ရိုမေးနီးယားနဲ့ နယ်သာလန်တို့ ယှဉ်ပြိုင်သွားဖို့ရှိနေသလို ဇူလိုင် ၃ ရက် နံနက် ၁ နာရီခွဲမှာတော့ ဩစတြီးယားနဲ့ တူရကီတို့ ကစားသွားရမှာဖြစ်ပါတယ်။ ယခုပွဲစဉ် နှစ်ပွဲအတွက် CJ Platform ရဲ့ ပွဲကြိုသုံးသပ်ချက်တွေက ဘာတွေဖြစ်မလဲ။ ဘယ်အသင်းတွေ နိုင်မယ်လို့ ခန့်မှန်းထားပါသလဲ။ ကြည့်လိုက်ကြရအောင်…

****************************************

 

ရိုမေးနီးယား – နယ်သာလန်

 

ရိုမေးနီးယားဟာ အုပ်စုတွင်းမှာ လေးသင်းလုံး လေးမှတ်စီရခဲ့ကြတဲ့အထဲ အုပ်စုဗိုလ်အဖြစ်နဲ့ ရှုံးထွက်အဆင့်ကို တက်ရောက်လာခဲ့တာဖြစ်ပြီး အကောင်းဆုံးတတိယအဖြစ်နဲ့ နောက်တစ်ဆင့်တက်လာတဲ့ နယ်သာလန်နဲ့ ဆုံတွေ့တာဖြစ်ပါတယ်။ ရိုမေးနီးယားရဲ့ ခြေစွမ်းကို ကြည့်မယ်ဆိုရင်တော့ အုပ်စုတွင်းအနေအထားတွေအရ တည်ငြိမ်မှုရဖို့ ရုန်းကန်ရတယ်လို့ ဆိုနိုင်ပါတယ်။ သူတို့ရဲ့ အကြီးမားဆုံးသော အားသာချက်ကတော့ စိတ်ဓာတ်ပိုင်းပါပဲ။ ဒါကို ယူကရိန်းနဲ့ အဖွင့်ပွဲစဉ်မှာ မြင်တွေ့ရနိုင်ပါတယ်။ ခြေစွမ်းပိုင်းဟာ အသင်းလိုက်ဟန်ချက်အပေါ် တည်ဆောက်ထားတာဖြစ်ပြီး နယ်သာလန်ကို ထင်မှတ်မထားဘဲ ဒုက္ခပေးနိုင်စွမ်းတော့ ရှိနေပါတယ်။

 

နယ်သာလန်ကတော့ အုပ်စုနောက်ဆုံးပွဲစဉ်မှာ ဩစတြီးယားကို အပြန်အလှန်သွင်းဂိုးတွေနဲ့ မထင်မှတ်ဘဲ အရေးနိမ့်ခဲ့တယ်ဆိုပေမယ့် သူ့ရဲ့ခြေစွမ်းက လျှော့တွက်လို့ မရတဲ့အနေအထားမှာရှိနေပါတယ်။ ဒါ့အပြင် ရှုံးထွက်ပွဲစဉ်တွေရဲ့ လမ်းကြောင်းအရလည်း ခြေစွမ်းတည်ငြိမ်ရင် အနိမ့်ဆုံး ဆီမီးဖိုင်နယ်ထိ မျှော်နိုင်တဲ့အခြေအနေဖြစ်လို့ ဒီလိုပွဲမှာအမှားခံမယ်မထင်ပါဘူး။ ကစားသမားတွေရဲ့ အတွေ့အကြုံနဲ့ ခြေစွမ်းပိုင်းမှာ နယ်သာလန်က အပြတ်အသတ်အသာရနေတာကြောင့် ကပ်နိုင်ပြီး ကွာတားဖိုင်နယ်တက်သွားဖို့ ရှိနေပါတယ်။

 

ခန့်မှန်းချက် – ရိုမေးနီးယား ၁ – ၂ နယ်သာလန်

****************************************

ဩစတြီးယား – တူရကီ

 

ပြင်သစ်နဲ့ နယ်သာလန်တို့လို အသင်းတွေပါဝင်တဲ့ အုပ်စုမှာ ဩစတြီးယားက ဗိုလ်လုပ်ပြခဲ့တာပါ။ သူ့ရဲ့စိတ်ဓာတ်ပိုင်းနဲ့ ခြေစွမ်းအရ ကွာတားဖိုင်နယ်အထိ တက်ရောက်နိုင်လိမ့်မယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းကြပါတယ်။ နည်းပြ ရန်းဂနစ်ရဲ့ နည်းစနစ်ပိုင်းအောက်မှာ အံဝင်အောင် ကစားနိုင်စွမ်းရှိကြပြီး ဝါရင့်ကစားသမားတွေဖြစ်တဲ့ အနာတိုဗစ်နဲ့ ဆာဘစ်ဇာတို့လို ကစားသမားတွေဟာ လိုအပ်ချိန်မှာ သွင်းဂိုးရှာဖွေပေးနိုင်ကြပါတယ်။

 

တူရကီကလည်း အတွေ့အကြုံရင့်တဲ့ အသင်းတစ်သင်းဆိုပေမယ့် အသင်းလိုက်ဟန်ချက်မှာတော့ ဩစတြီးယားကို မမီပါဘူး။ ကယ်ဟာနိုဂလူး၊ အာဒါ ဂူလာတို့လို ကစားသမားတွေရှိနေတာကြောင့် ကွာတားအဆင့်ထိ မှန်းနိုင်တယ်ဆိုပေမယ့် သူတို့ရဲ့ခြေစွမ်းကလည်း တည်ငြိမ်မှုမရှိပါဘူး။ နှစ်သင်းလုံးရဲ့ ကစားဟန်ကြောင့် မိနစ် ၉၀ အတွင်း အနိုင်အရှုံးမပေါ်ဘဲ အချိန်ပိုထိရောက်နိုင်သလို နောက်တစ်ဆင့်တက်မယ့်အသင်းဆိုရင်တော့ ဩစတြီးယားကိုပဲ ရွေးရပါလိမ့်မယ်။

 

ခန့်မှန်းချက် – ဩစတြီးယား ၁ – ၀ တူရကီ