ဥရောပထိပ်တန်းလိဂ်တွေထဲက CJ Platform ရဲ့ ပွဲကြိုသုံးသပ်ချက်များ

Author CJ Platform
Categories
Published on Nov 30, 2024

ဘာစီလိုနာ – လက်စ်ပါးမား (စနေ ည ၇ နာရီခွဲ)

ဘာစီလိုနာအသင်းဟာ အမှတ်ပေးဇယားကို ဦးဆောင်ထားတယ်ဆိုပေမဲ့ ဒုတိယနေရာက ရီးရဲလ်ထက် တစ်ပွဲပိုကစားထားပြီး လေးမှတ်သာ ဖြတ်ထားနိုင်တော့တာပါ။ နေက်ဆုံးကစားခဲ့တဲ့ လာလီဂါ  နှစ်ပွဲမှာ ဆိုစီဒက်ကို ရှုံးပြီး ဆဲလ်တာနဲ့ သရေကျခဲ့တာကြောင့် ငါးမှတ်အထိ နစ်နာခဲ့ရတာပါ။

ဒါကြောင့် ဘာစီလိုနာအနေနဲ့ ဒီပွဲမှာ မဖြစ်မနေ နိုင်ပွဲပြန်ရှာဖို့လိုအပ်နေခဲ့ပါပြီ။ လက်စ်ပါးမားဟာ အဆင့် ၁၇ မှာ ရပ်တည်နေပြီး တန်းဆင်းဇုန်နဲ့ နှစ်မှတ်သာ ကွာတဲ့အခြေအနေကို ရောက်နေသလို ကစားပုံအရလည်း ဘာစီလိုနာကို ပွဲချိန်ပြည့် ယှဉ်ကစားဖို့ မလွယ်ပါဘူး။ နူးကမ့်မှာ ဘာစီလိုနာရဲ့ ဂိုးပြတ်နိုင်ပွဲကို မြင်ရမှာပါ။

ခန့်မှန်းချက် – ဘာစီလိုနာ ၃-၀ လက်စ်ပါးမား

ဝက်စ်ဟမ်း – အာဆင်နယ် (တနင်္ဂနွေ မနက် ၁၂ နာရီ)

ဝက်စ်ဟမ်းဟာ နောက်ဆုံးကစားခဲ့တဲ့ ငါးပွဲမှာ စပါးနဲ့ နော်တင်ဟမ်ဖောရက်စ်ကို ရှုံးခဲ့ပေမဲ့ မန်ယူနဲ့ နယူးကာဆယ်တို့လို အသင်းတွေကိုတော့ အနိုင်ရအောင် ကစားထားနိုင်ပါတယ်။

သူတို့ရဲ့ ခြေစွမ်းဟာ ယုံစားရခက်ပြီး ရစ်သမ်မိတဲ့ ပွဲမျိုးမှာဆိုရင် အသင်းကြီးတွေကိုတောင် ဒုက္ခပေးနိုင်ပေမဲ့ တချို့ပွဲတွေမှာတော့ ပုံမှန်ခြေစွမ်းတောင် မရတာမျိုးတွေ ဖြစ်တာကြောင့် ဒီရာသီမှာ အဆင့် ၁၄ အထိ ရောက်နေခဲ့တာပါ။ အာဆင်နယ်ကတော့ ပြီးခဲ့တဲ့ကြားရက်မှာ ဒီရာသီပြိုင်ပွဲစုံ ရှုံးပွဲလုံး၀မရှိသေးတဲ့ စပို့တင်းကို အဝေးကွင်းမှာ ငါးဂိုးအထိ သွင်းနိုင်ခဲ့တာကြောင့် ယုံကြည်မှုပိုင်းဆိုင်ရာ အားကောင်းနေမှာ သေချာပါတယ်။

အဓိက ကစားသမားတွေလည်း အစုံအလင်ပြန်ကစားနိုင်ပြီဖြစ်လို့ အာဆင်နယ်တို့ နိုင်ပွဲဆက်ဦးမှာပါ။ ပြီးခဲ့တဲ့ရာသီကလည်း ဝက်စ်ဟမ်းကွင်းမှာ အာဆင်နယ်က ခြောက်ဂိုးပြတ်နဲ့ အနိုင်ရထားတာပါ။ ဒီနှစ်မှာလည်း အာဆင်နယ်ပဲ အနိုင်ရသွားပါလိမ့်မယ်။

ဝက်စ်ဟမ်း ၀-၂ အာဆင်နယ်

ဒေါ့မွန် – ဘိုင်ယန်မြူးနစ် (တနင်္ဂနွေ မနက် ၁၂ နာရီ)

ဒီအပတ် ဘွန်ဒက်စ်လီဂါရဲ့ အကောင်းဆုံးသော ပွဲစဉ်ပါပဲ။ အိမ်ရှင်ဒေါ့မွန်ဟာ ဒီရာသီမှာ ၁၁ ပွဲကစားပြီးချိန်မှာ လေးပွဲအထိ ရှုံးပွဲကြုံထားခဲ့ပြီး အမှတ်ပေးဇယား အဆင့်ငါးအထိ ရောက်နေခဲ့တာပါ။ ဘိုင်ယန်မြူးနစ်ကတော့ ဒီရာသီမှာ အကောင်းဆုံးပုံစံနဲ့ ဦးဆောင်ထားနိုင်ပြီး ၁၁ ပွဲကစားပြီးချိန်မှာ ဒုတိယနေရာက  ဖရန့်ဖတ်ကို ခြောက်မှတ်အထိ ဖြတ်ထားနိုင်တာကြောင့် ဖိအားကင်းကင်းနဲ့ ကစားနိုင်မှာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒေါ့မွန်ဟာ ဘိုင်ယန်မြူးနစ်နဲ့ ဆုံတွေ့တိုင်းမှာ အားကုန်ထုတ်လေ့ရှိတာတွေ့ရပြီး ပြီးခဲ့တဲ့ရာသီမှာလည်း အိမ်ကွင်းမှာ ရှုံးခဲ့ပေမဲ့ အဝေးကွင်းမှာ ပြန်လည်အနိုင်ရအောင် ကစားပြနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာတော့ ဘိုင်ယန်မြူးနစ်ရဲ့ သာလွန်တဲ့ ခြေစွမ်းကို ဒေါ့မွန်အနေနဲ့ တောင်ခံနိုင်ဖို့ မလွယ်ပါဘူး။

ဟာရီကိန်းဦးဆောင်တဲ့ ဘိုင်ယန်မြူးနစ် တိုက်စစ်ဟာ တစ်ပွဲကို ၃.၂၇ ဂိုးနှုန်းရထားတာဖြစ်လို့ ဒေါ့မွန်ခံစစ်ကို ဂိုးသွင်းနိုင်ဖို့ မခက်ပါဘူး။ အပြန်အလှန်သွင်းဂိုးတွေကို မြင်တွေ့ရဖွယ်ရှိပြီး ဘိုင်ယန်မြူးနစ်ပဲ အသာရသွားဖို့ များပါတယ်။

ခန့်မှန်းချက် – ဒေါ့မွန် ၁-၂ ဘိုင်ယန်မြူးနစ်

မန်ယူ – အဲဗာတန် (တနင်္ဂနွေ ည ၈ နာရီ)

မန်ယူအသင်းဟာ ပြီးခဲ့တဲ့ ကြားရက်မှာတော့ နည်းပြသစ် အမော်ရင်လက်ထက် ပထမဆုံးနိုင်ပွဲကို ယူရိုပါလိဂ်ပြိုင်ပွဲမှာ ပိုင်ဆိုင်ခဲ့ပြီဖြစ်ပါတယ်။ အဲဒီပွဲမှာ ခံစစ်ပိုင်းက နှစ်ဂိုးအထိ ပေးခဲ့ရတယ်ဆိုပေမဲ့ တိုက်စစ်က သုံးဂိုးအထိ သွင်းနိုင်ခဲ့သလို ဟွိုက်လန်းက တစ်ဦးတည်း နှစ်ဂိုးသွင်းနိုင်ခဲ့တာ အမော်ရင်အတွက် ဝမ်းသာစရာပါ။

အမော်ရင်ရဲ့ ပထမဆုံးပရီးမီးယားလိဂ်ပွဲဟာ အစ်ဆွစ်ချ်ကို သရေကျသွားခဲ့တာကြောင့် ဒီပွဲမှာတော့ မဖြစ်မနေ နိုင်ပွဲဖော်ဆောင်ဖို့လိုအပ်လာပါပြီ။ အဲဗာတန်ကတော့ နောက်ဆုံးကစားခဲ့တဲ့ ငါးပွဲမှာ အစ်ဆွစ်ချ်ကို အနိုင်ရထားတာကလွဲရင် သုံးပွဲသရေကျပြီး တစ်ပွဲရှုံးထားပါတယ်။

အဲဗာတန်ရဲ့ ခြေစွမ်းဟာ အမှတ်ပေးဇယားအောက်ဆုံးက ဆောက်သမ်တန်ကိုတောင် ရှုံးခဲ့ပြီး တိုက်စစ်ပိုင်းကလည်း ငါးပွဲမှာ သုံးဂိုးသာ ရခဲ့တဲ့အထိ ညံ့ဖျင်းလွန်းနေပါတယ်။ မန်ယူကတော့ အမော်ရင်လက်ထက် နှစ်ပွဲလုံးမှာ ပွဲအစ နှစ်မိနစ် မပြည့်ခင်မှာပဲ ဦးဆောင်ဂိုးရအောင် ကစားထားနိုင်တာ တွေ့ရပါတယ်။

ဂါနာချိုနဲ့ ဟွိုက်လန်းတို့ ဦးဆောင်လာမယ့် တိုက်စစ်က ဂိုးရဖို့ မခက်ပေမဲ့ ခံစစ်ယိုပေါက်တွေကို ပြင်ဆင်နိုင်မယ်ဆိုရင် အိုးထရက်ဖိုဒ့်မှာ မန်ယူရဲ့ နိုင်ပွဲဟာ ပြတ်သားသွားနိုင်ပါတယ်။

ခန့်မှန်းချက်- မန်ယူ ၂-၀ အဲဗာတန်

လီဗာပူးလ် – မန်စီးတီး (တနင်္ဂနွေ ည ၁၀ နာရီခွဲ)

ဒီတစ်ပတ်ရဲ့ စိတ်ဝင်စားစရာအကောင်းဆုံးသော ပွဲစဉ်ပါပဲ။ အမှတ်ပေးဇယားဦးဆောင်သူ လီဗာပူးလ်ဟာ လက်ရှိအချိန်မှာ မန်စီးတီးကို ရှစ်မှတ် ဖြတ်ထားနိုင်တာဖြစ်လို့ ဒီပွဲသာ အနိုင်ရခဲ့မယ်ဆိုရင် ၁၁ အမှတ်အထိ ကွာဟသွားမှာပါ။ ဒီလိုအခွင့်အရေးမျိုးကို လုပ်ပြနိုင်ဖို့ လီဗာပူးလ်တို့ အခွင့်အလမ်း သာနေပါတယ်။ ကစားရမှာက အန်ဖီးလ်ဖြစ်နေသလို မန်စီးတီးကလည်း ခြောက်ပွဲဆက် နိုင်ပွဲပျောက်ပြီး ဝေဝါးနေတဲ့ အချိန်ဖြစ်နေလို့ပါပဲ။

လီဗာပူးလ်ဟာ နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ ချန်ပီယံလိဂ်ဘုရင်ကြီး ရီးရဲလ်မက်ဒရစ်ကို နှစ်ဂိုးပြတ် အနိုင်ယူပြီး အကောင်းဆုံးခြေစွမ်းကို ပြသထားနိုင်ခဲ့ပါတယ်။ မန်စီးတီးကတော့ ဖီယင်နုကို သုံးဂိုးပြတ်နဲ့ ဦးဆောင်ခွင့်ရခဲ့ပေမဲ့ ၇၅ မိနစ်နောက်ပိုင်းမှာ သုံးဂိုးအထိ ပြန်ပေးခဲ့ရကာ သရေကျခဲ့တာပါ။

အခြေအနေအရပ်ရပ်မှာ လီဗာပူးလ်က အသာရနေတယ်ဆိုပေမဲ့ အန်ဖီးလ်မှာ မန်စီးတီးတို့ မရှုံးအောင် ကစားသွားနိုင်မယ်လို့ ယုံကြည်ရပါတယ်။ ဦးဆောင်သူနဲ့ ၁၁ မှတ်အကွာဆိုတဲ့ အနေအထားကို ဂွာဒီယိုလာနဲ့ သူ့တပည့်တွေ အဖြစ်ခံမယ်မထင်ပါဘူး။

ဒါကြောင့် လီဗာပူးလ်အနေနဲ့ ဖောင်ဖျက်တိုက်ပွဲဝင်လာမယ့် မန်စီးတီးကို အန်ဖီးလ်မှာ အမှတ်ခွဲပေးပြီး သရေနဲ့ ကျေနပ်ရဖွယ်ရှိနေပါတယ်။

ခန့်မှန်းချက် – လီဗာပူးလ် ၁-၁ မန်စီးတီး