မော်ချီးသတ္ထုတွင်းကို စစ်ကောင်စီ ဗုံးကြဲလို့ အလုပ်သမား ၇ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရ

ကရင်နီပြည်၊ မော်ချီးမြို့ရှိ မော်ချီးသတ္ထုတွင်းကို ယမန်နေ့ ဇွန်လ ၂၅ ရက် မနက်ပိုင်းမှာ စစ်ကောင်စီက လေကြောင်းကနေ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံအလုပ်သမား ၇ ဦး သေဆုံးခဲ့ရပြီး အများအပြား ဒဏ်ရာရရှိခဲ့တဲ့အပြင် ပိတ်မိနေသူတွေပါ ကယ်ထုတ်ခဲ့ရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
မော်ချီးသတ္ထုတွင်းရှိ ခဲတူးဖော်ရာ ခဲကျင်းနေရာကို စစ်ကောင်စီက ဗုံးကြဲချခဲ့တာကြောင့် ခဲအလုပ်ကျင်း တွင်းအဝ ပိတ်သွားခဲ့တဲ့အပြင် အနီးဝန်းကျင်ရှိ နေအိမ်တွေပါ ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။
“လေယာဉ်ဝဲတာက နှစ်ခါ၊ နိမ့်နိမ့်လေး ဝဲချိန်မှာ ကြဲသွားတာ။ အကုန်လုံးက သူတို့ဗုံးကျင်းတို့ အိမ်အောက်ထပ်မှာတို့ နေနေကြတာ။ ခန္ဓာကိုယ်ရစရာ မရှိအောင် ပြတ်သွားပြီး သေဆုံးတာတွေပါ ပါတယ်” လို့ ဒေသခံအမျိုးသမီးတစ်ဦးက CJ Platform ကို ပြောပါတယ်။
သေဆုံးသူတွေဟာ အလုပ်သမားတွေ ဖြစ်ကြပြီး အဲဒီအထဲ ၁၅ နှစ်အရွယ် အမျိုးသားတစ်ဦးပါ ပါဝင်တယ်လို့ သူမက ဆက်ပြောပါတယ်။
စစ်ကောင်စီရဲ့ ဗုံးဒဏ်ကြောင့် အလုပ်ကျင်းအဝ ပြိုကျကာ ပိတ်မိနေသူတွေကိုတော့ ဒီကနေ့မှာ အားလုံး အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ပြီလို့ သိရပါတယ်။
“ကျင်းပေါက်မှာ ဗုံးက ကျတော့ မြေတွေနဲ့ အပေါက်ကို ပိတ်မိတာ၊ ကျင်းထဲမှာ ပိတ်မိသူတွေ အောက်စီဂျင်ပြတ်မှာ စိုးရိမ်တာကြောင့် အမြန်ဆုံး ပြန်ကယ်ထုတ်ရတယ်” လို့ ကယ်ဆယ်ရေး ဆောင်ရွက်သူ တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဟာ ဖားဆောင်းမြို့နယ်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေပေမဲ့၊ တိုက်ပွဲ မရှိတဲ့ မော်ချီးကို အကြောင်းမဲ့ ဗုံးလာကြဲတာဖြစ်ပြီး တိုက်ပွဲကြောင့် လမ်းတွေ ပိတ်ထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
သေဆုံးသူ ၇ ဦးအနက် ၅ ဦးမှာ နေရာမှာတင် သေဆုံးခဲ့ရပြီး၊ ကျန်နှစ်ဦးမှာတော့ လမ်းတွေ ပိတ်ထားတာကြောင့် သွားလာမှု ခက်ခဲပြီး ဆေးကုသဖို့ ပို့ဆောင်စဉ်မှာ သေဆုံးခဲ့ရတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
လက်ရှိ မော်ချီးက အလုပ်ကျင်းတွေမှာတော့ အလုပ်တွေ ရပ်နားထားပြီး လေယာဉ်ဝဲတာမျိုးတော့ မရှိသေးဘူးလို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ဓာတ်ပုံ – CJ