ဒီဇယ်နဲ့ ဓာတ်မြေဩဇာအတွက် ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ကောက်ခံမှုကို တစ်လတာ ကင်းလွတ်ခွင့်ပေးမယ်
ပြည်ပနိုင်ငံတွေကနေ တင်သွင်းတဲ့ ဓာတ်မြေဩဇာနဲ့ ဒီဇယ်ဆီ (HSD 500ppm) တင်သွင်းမှုအပေါ် ကောက်ခံတဲ့ ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်းကို အခု ဧပြီတစ်လတာ ကင်းလွတ်ခွင့်ပြုမယ်လို့ စစ်အုပ်စုက ဒီနေ့ ဧပြီ ၂ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
စစ်အုပ်စုလက်အောက်ခံ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ တောင်သူလယ်သမားတွေရဲ့ ကုန်ထုတ်လုပ်မှုစရိတ် လျော့ကျစေဖို့အတွက် ဓာတ်မြေဩဇာ တင်သွင်းမှုအပေါ် ကောက်ခံတဲ့ ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်းကို အခု ဧပြီလ ၃၀ ရက်နေ့အထိ ကင်းလွတ်ခွင့်ပြုမယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် ဒီဇယ်ဆီ (HSD 500ppm) ဈေးနှုန်းတည်ငြိမ်ဖို့၊ သယ်ယူပို့ဆောင်ရေးစရိတ် လျော့ကျစေဖို့နဲ့ အခြေခံစားသောက်ကုန်ဈေးနှုန်းကို ထိန်းညှိနိုင်ဖို့အတွက် ဒီဇယ်ဆီ (HSD 500ppm) တင်သွင်းမှုအပေါ် ကောက်ခံတဲ့ အကောက်ခွန်၊ အထူးကုန်စည်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နဲ့ ကြိုတင်ကောက်ခံတဲ့ ဝင်ငွေခွန် ၂ ရာခိုင်နှုန်းတို့ကိုလည်း အခု ဧပြီလကုန်အထိ ကင်းလွတ်ခွင့်ပြုမယ်လို့ ဆိုပါတယ်။
ဓာတ်မြေဩဇာနဲ့ ဒီဇယ်ဆီ (HSD 500ppm) တင်သွင်းမှုအပေါ် ကောက်ခံတဲ့ အခွန်နှုန်းလျော့ကျကောက်ခံမှုဟာ အခု ဧပြီ ၁ ရက်ကနေ ၃၀ ရက်နေ့အထိ တင်သွင်းတဲ့ကာလအတွင်းမှာသာ အကျုံးဝင်မှာဖြစ်ပြီး အကောက်ခွန်ဌာနမှာ Import Declaration (သွင်းကုန်ကြေညာလွှာ) တင်သွင်းတဲ့ ကုန်ပစ္စည်းတွေအပေါ်မှာသာ အကျုံးဝင်မယ်လို့ ဆိုပါတယ်။
ဓာတ်မြေဩဇာအပေါ် ကောက်ခံတဲ့ အခွန်နှုန်းလျော့ကျဖို့အတွက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့ ဧပြီ ၁ ရက်က နေပြည်တော်မှာ ပြုလုပ်တဲ့ စက်သုံးဆီနဲ့ ဓာတ်မြေဩဇာ အလုံအလောက်ရရှိရေး အစည်းအဝေးမှာ ထည့်သွင်းပြောဆိုခဲ့ပြီးနောက် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက အခုလို အခွန် ၂ ရာခိုင်နှုန်း ကောက်ခံမှုကို တစ်လတာ ကင်းလွတ်ခွင့်ပေးခဲ့တာလည်း ဖြစ်ပါတယ်။
လောင်စာဆီဈေးနှုန်း မြင့်တက်လာမှုနဲ့အတူ ဓာတ်မြေဩဇာဈေးနှုန်းလည်း မြင့်တက်လာတာကြောင့် ဓာတ်မြေဩဇာသုံးစွဲမှုကို လျှော့ချဖို့၊ သဘာဝဓာတ်မြေဩဇာကို ပိုမိုသုံးစွဲဖို့အပါအဝင် ဓာတ်မြေဩဇာ မဖြစ်မနေ လိုအပ်တဲ့ စိုက်ပျိုးရေးလုပ်ငန်းတောင်သူတွေအတွက် ထောက်ပံ့ပေးဖို့နဲ့ အခွန်ကောက်ခံတာကို လျှော့ချပေးဖို့ စတဲ့ ကိစ္စရပ်တွေကို စစ်ခေါင်းဆောင်က အစည်းအဝေးမှာ ထည့်သွင်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။
