သတင်းမီဒီယာတွေ ခိုင်မာအားကောင်းစွာ ရပ်တည်နိုင်ရေး အားပေးထောက်ခံသွားမယ်လို့ NUG ပြော

Author CJ Platform
Categories
Published on Mar 26, 2025

လွတ်လပ်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့ သတင်းမီဒီယာတွေ ခိုင်မာအားကောင်းစွာ ရပ်တည်နိုင်ရေးအတွက် အားပေးထောက်ခံသွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။

 

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ အစိုးရအဖွဲ့အစည်းအဝေး ၉/၂၀၂၅မှာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားလိုက်တာပါ။

 

အမေရိကန်နိုင်ငံက လွတ်လပ်တဲ့ သတင်းမီဒီယာတွေကို ထောက်ပံ့ကူညီမှုတွေ ရပ်ဆိုင်းလိုက်ပြီးနောက်မှာ သတင်းမီဒီယာအချို့ ရပ်ဆိုင်းလိုက်ရပြီး ပြည်သူတွေအနေနဲ့ သတင်းသိပိုင်ခွင့်တွေ ထိခိုက်ခဲ့တယ်လို့လည်း မန်းဝင်းခိုင်သန်းက ပြောပါတယ်။

 

“လွတ်လပ်တဲ့ သတင်းဌာန တွေကနေ အကျိုးရှိတဲ့ သတင်းအချက်အလက်တွေ အချိန်နဲ့ တပြေးညီ မှန်မှန်ကန်ကန် မရရှိတော့ခြင်းဟာ ကျွန်တော်တို့လို တော်လှန်ရေးဆင်နွှဲနေတဲ့ နိုင်ငံငယ်တွေအဖို့ တစ်ဘက်မှာ အာဏာရှင်တွေရဲ့ အကြိုက်ဖြစ်သွားစေတာပါပဲ”လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။

 

အခုလိုအချိန်မှာ ရုန်းကန်တောင့်ခံပြီး ပြည်သူတွေအတွက် သတင်းအချက်အလက်မှန်တွေ အချိန်နဲ့တပြေးညီ တင်ပြပေးနေတဲ့ ပြည်သူ့ဘက်တော်သား သတင်းမီဒီယာတွေကိုလည်း ကျေးဇူးတင်ကြောင်း သူက ဆိုပါတယ်။

 

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ရဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေနဲ့ တော်လှန်ရေးအခြေအနေတွေကို ပြည်သူတွေ ပိုမိုပြီး သိနိုင်ဖို့အတွက် သတင်းမီဒီယာတွေနဲ့ ပိုမိုချိတ်ဆက်ဆောင်ရွက်ဖို့ကိုလည်း မန်းဝင်းခိုင်သန်းက တိုက်တွန်းခဲ့ပါတယ်။

 

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ အစိုးရအဖွဲ့အစည်းအဝေး ၉/၂၀၂၅ကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းအပြင် ပြည်ထောင်စုဝန်ကြီးတွေနဲ့ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – NUG

Related News

Depend on news