ချင်းတပ်တွေနဲ့ AA ကြား တိုက်ပွဲဆက်ဖြစ်နေလို့ အိန္ဒိယ-မြန်မာ ကုန်သွယ်ရေးလမ်းကို မီဇိုရမ်ဘက်က ပိတ်ပင်လို့ CYLA ဆို

Author ဆလိုင်း
Categories
Published on Jun 25, 2024

ချင်းညီအစ်ကိုတပ်တွေနဲ့ အာရက္ခတပ်တော် AA တို့ကြား ချင်းပြည်ထဲ တိုက်ပွဲတွေမရပ်လို့ အိန္ဒိယ-မြန်မာ အဓိကကုန်သွယ်ရေးလမ်းကြောင်းတွေကို ပိတ်လိုက်တယ်လို့ မီဇိုရမ်ပြည်နယ်ထဲ ဩဇာရှိ ဗဟိုလိုင်လူငယ်အဖွဲ့အစည်း(CYLA)က မနေ့ ဇွန်လ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။

 

မြန်မာပြည်က ရခိုင်ကုန်သည်တွေ အများစု ကုန်ပစ္စည်းဝယ်ယူတင်သွင်းတဲ့ ပလက်ဝ-လောက်တလိုင် ကုန်လမ်းကြောင်းတွေကို CYLA ရဲ့ အကြံပြုချက်နဲ့အတူ မီဇိုရမ်ဘက်ကနေ ပိတ်ပင်လိုက်တာဖြစ်ပါတယ်။

 

လက်ရှိချင်းပြည်ထဲ CNF/CNA ဦးဆောင်တဲ့ ချင်းလက်နက်ကိုင်အဖွဲ့တွေနဲ့ ချင်းညီနောင်အဖွဲ့တွေဆိုပြီး အကွဲကွဲအပြားပြားဖြစ်ပေါ်နေပြီး CNF/CNA ဦးဆောင်တဲ့ ချင်းလက်နက်ကိုင်အဖွဲ့တွေနဲ့ အာရက္ခတပ်တော်တို့ကြား တိုက်ပွဲတွေဖြစ်ပွားနေပေမဲ့ ချင်းညီနောင်တို့ကြား AA က မဟာမိတ်အနေနဲ့ စစ်ကောင်စီကို ပူးပေါင်းတိုက်ခိုက်နေပါတယ်။

 

ဒါနဲ့ပတ်သက်ပြီး ဇွန်လ ၂၀ ရက်နေ့က ချင်းညီနောင်ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲထဲ တာဝန်ရှိသူတစ်ဦးက “အာရက္ခတပ်တော် AA နဲ့ပတ်သက်ပြီး မဟာမိတ်တွေအနေနဲ့သာ ပူးပေါင်းတိုက်ခိုက်တာဖြစ်ပြီး AA ဦးဆောင်ပြီး ချင်းပြည်နယ်ကို တိုက်ခိုက်တယ်ဆိုပြီး ပြောတာဟာ မဟုတ်မှန်ပါဘူး။ လူမျိုးစုတွေကြားသွေးထိုးလှုံ့ဆော်နေတာ သက်သက်သာဖြစ်တယ်” လို့ ပြောခဲ့ပါတယ်။

 

ရခိုင်ပြည်မှာ ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်းတွေကို ပိတ်ထားတဲ့အတွက် ချင်းပြည်၊ ပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည်မြောက်ပိုင်းက မြို့နယ်တွေဟာ မီဇိုရမ်ပြည်နယ်ဘက်ကနေ ကုန်ပစ္စည်းတွေကို အဓိကဝယ်ယူတင်သွားနေရတာလို့ ပလက်ဝဒေသခံ ကိုအိုက်က CJ Platform သို့ ပြောပါတယ်။

 

“အခု AA က ပလက်ဝနဲ့ ရခိုင်မြောက်ပိုင်းကို သိမ်းပိုက်ရပြီးနောက် ပလက်ဝ-လောက်တလိုင် ကုန်းလမ်း၊ ရေလမ်းတွေကို တရားဝင်ဖွင့်ထားပြီး အဲဒီက ကုန်ပစ္စည်းတွေကို ရခိုင်ပြည်မြောက်ပိုင်းအထိ  တင်သွင်းရောင်းချဖြန့်ကြတယ်။ အဲဒီလမ်းကြောင်းကနေ တစ်နေ့ကို စက်လှေအစီးရေ ၄၀ နီးပါးလောက် မြန်မာပြည်ဘက်ကို ဝယ်ယူတင်သွင်းနေတာပါ။ အခုမီဇိုရမ်ဘက်က လမ်းကြောင်းတွေ ပိတ်လိုက်ပြီဆို ပလက်ဝဒေသခံတွေအပြင် ရခိုင်ပြည်မြောက်ပိုင်းက ဒေသခံတွေလည်း စားဝတ် နေရေးအခက်တွေ့နိုင်ပါတယ်” လို့ ၎င်းက ပြောပါတယ်။

 

အာရက္ခတပ်တော်(AA)ကို ချင်းညီအကိုတွေနဲ့ အပစ်အခတ်ရပ်ဖို့ CYLA အနေနဲ့ အကြိမ်ကြိမ်တိုက်တွန်း ခဲ့ပေမဲ့ တုံ့ပြန်တာတွေမရှိဘူးလို့ သိရပါတယ်။

 

ထို့ပြင် စစ်ဘေးရှောင်မဟုတ်တဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့စည်းတွေဟာ မီဇိုရမ်ပြည်နယ်ထဲသို့ ဝင်ရောက်လှုပ်ရှားနေတယ်လို့ CYLA ရဲ့ မနေ့ ဇွန်လ ၂၄ ရက်နေ့ ညနေပိုင်းမှာ ထပ်မံထုတ်ပြန်ထားချက်အရ သိရပါတယ်။

 

Central Young Lai Association (CYLA)ဟာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်အခြေစိုက် အရပ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်ပြီး သြဇာရှိတဲ့ လူမှုအဖွဲ့အစည်းတစ်ခုဖြစ်ပေမဲ့ အိန္ဒိယပြည်နယ်အစိုးရအပြင် ဗဟိုအစိုးရအထိ အသိအမှတ်ပြုအဖွဲ့အစည်းတစ်ခုဖြစ်တယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ- CJ

 

ပုံစာ- CYLA အဖွဲ့ကို တွေ့ရစဥ်