ဂိုးပြတ်နိုင်ပွဲဖော်ဆောင်ပြီး အုပ်စုဗိုလ်နေရာ ရယူမယ့် အင်္ဂလန်

Author ကိုရှမ်း
Categories
Published on Jun 25, 2024

ဂျာမနီနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲရဲ့ အုပ်စုနောက်ဆုံးပွဲစဉ်တွေထဲက လူကြိုက်အများဆုံးအသင်းတစ်သင်းဖြစ်တဲ့ အင်္ဂလန်အသင်းရဲ့ ပွဲစဉ်ကလည်း ဒီညမှာရှိနေပါတယ်။ နည်းပြ ဂါရတ်ဆောက်ဂိတ်ဦးဆောင်လာတဲ့ အင်္ဂလန်အသင်းဟာ အုပ်စု (C) မှာ ၂ ပွဲကစားပြီး ရမှတ် ၄ မှတ်နဲ့ ထိပ်ဆုံးက ဦးဆောင်နေခဲ့တယ်ဆိုပေမယ့် ဒီညကစားရမယ့် ဆလိုဗေးနီးယားနဲ့ ပွဲစဉ်မှာ အနိုင်ရဖို့အတွက် လိုအပ်နေပါတယ်။ ဆလိုဗေးနီးယားဟာ ၂ ပွဲကစားပြီးချိန်မှာ ၂ မှတ်ရရှိထားပြီး ဒီညမှာ အင်္ဂလန်အသင်းကို အနိုင်ရခဲ့မယ်ဆိုရင်တော့ ရှုံးထွက်အဆင့်ကို တက်လှမ်းနိုင်မှာဖြစ်ပါတယ်။

Opta က ဖော်ပြခဲ့တဲ့ စူပါကွန်ပြူတာ ခန့်မှန်းချက်မှာတော့ အင်္ဂလန်အသင်းအနေနဲ့ အနိုင်ရဖို့ ၆၆.၅% အထိ ရှိနေပါတယ်။ အင်္ဂလန်နဲ့ ဆလိုဗေးနီးယားတို့ဟာ သမိုင်းတစ်လျှောက်မှာ ၆ ကြိမ်တွေ့ဆုံထားပြီး အင်္ဂလန်က ၅ ကြိမ်အနိုင်ရကာ ၁ ကြိမ်သရေကျထားခဲ့တာကြောင့် အစဉ်အလာအရ အပြတ်အသတ်အသာရနေတယ်လို့ ဆိုနိုင်ပါတယ်။ အင်္ဂလန်အနေနဲ့ ဒီညပွဲစဉ်မှာသာ မရှုံးအောင်ကစားနိုင်မယ်ဆိုရင် ယူရိုနောက်ဆုံးလေးကြိမ်ဆက် (ယူရို ၂၀၁၂-၂၀၁၆-၂၀၂၀ -၂၀၂၄ ) ကို အုပ်စုတွင်းရှုံးပွဲမရှိတဲ့ မှတ်တမ်းကောင်းတစ်ခု ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

 

အင်္ဂလန်အသင်းဟာ ၂ ပွဲကစားပြီးချိန်မှာ ပရိသတ်တွေ အားရကျေနပ်လောက်တဲ့ ကစားဟန်မျိုး မပြသနိုင်ခဲ့တာကြောင့်လည်း နည်းပြဆောက်ဂိတ်အပေါ် ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။ ပြီးခဲ့တဲ့ ၂ ပွဲဆက်မှာ ညာနောက်ခံလူ အာနိုးလ်ကို ကွင်းလယ်မှာနေရာပေးခဲ့တာ၊ ချဲလ်ဆီးနဲ့အတူ တစ်ရာသီလုံး ခြေစွမ်းပြခဲ့တဲ့ ကိုးလ် ပယ်လ်မားကို တစ်မိနစ်တောင် ကစားခွင့်မပေးသေးတာတွေကြောင့် ပရိသတ်တွေက အလိုမကျဖြစ်နေကြတာပါ။

 

ဗြိတိန်သတင်းတွေရဲ့အဆိုအရတော့ ဆောက်ဂိတ်ဟာ ဒီပွဲမှာ အာနိုးလ်ကို ပွဲထွက်စာရင်းကနေ ချန်လှပ်ပြီး ကွင်းလယ်မှာ ဒီကလန်ရိုက်စ်ကို ဂါလက်ချာနဲ့အတူ တွဲဖက်ပွဲထုတ်မယ်လို့ သိရပါတယ်။ အသင်းရဲ့ လူအင်အားအရလည်း ကွာခြားသလို မနိုင်လို့လည်း မဖြစ်တော့တဲ့အနေအထားမှာ အင်္ဂလန်အနေနဲ့ ၂ ဂိုးပြတ်လောက်နဲ့ နိုင်ပွဲရယူပြီး အုပ်စုဗိုလ်အဖြစ်နဲ့ ၁၆ သင်းအဆင့်ကို တက်ရောက်သွားနိုင်ဖွယ်ရှိပါတယ်။  ဒီညမှာတော့ အုပ်စု (C) ရဲ့နောက်ဆုံးပွဲစဉ်တွေအဖြစ် အင်္ဂလန်နဲ့ ဆလိုဗေးနီးယား၊ ဒိန်းမတ်နဲ့ ဆားဘီးယားတို့ရဲ့ပွဲစဉ်တွေကို မြန်မာစံတော်ချိန် ည ၁ နာရီ ၃၀ မိနစ်မှာ ကစားသွားဖို့ ရှိနေပါတယ်။

 

ဓာတ်ပုံ – BBC