ဘူးသီးတောင်မြို့ နေအိမ်များမီးရှို့ခံရခြင်းသည် စစ်ကောင်စီ လက်အောက်ခံအဖွဲ့များ လုပ်ဆောင်ခြင်းဟု ရုပ်သံဖြင့် AA သက်သေပြ

Author လင်းနွေဦး
Categories
Published on Apr 25, 2024

ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်အတွင်းဖြစ်ပေါ်ခဲ့သည့် ပြည်သူပိုင်နေအိမ်များ မီးရှို့ခံရသည့်ဖြစ်စဉ်နှင့် ပတ်သက်၍ ရက္ခိုင့်တပ်တော်(AA)မှ လုပ်ဆောင်ခဲ့ခြင်း မဟုတ်ဘဲ စစ်ကောင်စီနှင့် ၎င်း၏ လက်အောက်ခံ လက်နက်ကိုင်အဖွဲ့အစည်းများက ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ခြင်းသာဖြစ်သည်ဟု ရက္ခိုင့်တပ်တော် AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက မှတ်တမ်းရုပ်သံသက်သေနှင့်တကွ ထုတ်ပြန်ပြောဆိုထားသည်။

 

ရက္ခိုင့်တပ်တော်မှ လူမျိုးရေးအဓိကရုန်းများဖြစ်စေရန် ရည်ရွယ်ဖန်တီးနေသည်ဟု စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းမှ ဧပြီ ၁၉ ရက်တွင် ထုတ်ပြန်ပြောဆိုခဲ့မှုအပေါ် AA ပြောခွင့်ရ ဦးခိုင်သုခက ၎င်း၏ တယ်လီဂရမ်(Telegram)ချန်နယ်တွင် ယမန်နေ့ ဧပြီ ၂၄ ရက် လွန်းလွဲပိုင်းတွင် ရုပ်သံမှတ်တမ်းများနှင့်တကွ ထုတ်ပြန်လာခဲ့ခြင်းဖြစ်သည်။

 

“ဘူးသီးတောင်မြို့ပေါ်မှာ AA ကနေစတင်တိုက်ခိုက်ခဲ့ကတည်းက အမှတ်(၅)ရပ်ကွက်မှာ လူနေတာတော်တော်နည်းတယ်။ အစကတည်းက လူမျိုးရေးပဋိပက္ခနဲ့ပတ်သက်ပြီး ထိန်းထိန်းသိမ်းသိမ်းလုပ်နိုင်တဲ့မြို့ဖြစ်ပါတယ်။ AA အနေနဲ့ လူမျိုးရေးပဋိပက္ခအသွင်ဆောင်အောင် လုပ်ဆောင်နေခြင်းသာဖြစ်ပြီး ၁၉၈၈ ခု မောင်တောပဋိပက္ခ၊ ၂၀၁၂ ခု ကျောက်နီမော်နဲ့ မသီတာထွေးဖြစ်ရပ်တွေမှာ စစ်တပ်ဘက်က လူမျိုးရေးပဋိပက္ခ ဘယ်တုန်းကမှ မဖန်တီးခဲ့ဘူး” ဟု စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဧပြီ ၁၉ ရက်တွင် ထုတ်ပြန်သည့် သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားခဲ့သည်။

 

AA ပြောခွင့်ရ ဦးခိုင်သုခ ထုတ်ပြန်လာသည့် မှတ်တမ်းရုပ်သံဖိုင်အတွင်း ဘူးသီးတောင်မြို့ အမှတ်(၄/၅/၆) ရပ်ကွက်အတွင်းရှိ လူနေအိမ်များမီးလောင်နေသည်ကို  ကုန်းမြင့်တစ်နေရာမှ ညပိုင်းအချိန်တွင် ဒေသခံတစ်ဦးမှ မှတ်တမ်းတင်ထားနိုင်ခဲ့ခြင်းရှိသည်ကို တွေ့မြင်ရသည်။

 

မီးရှို့မှုကို ပြုလုပ်ခဲ့သည့် စစ်ကောင်စီလက်အောက်ခံ Arakan Rohingya Army (ARA)၊ Arakan Rohingya Solvation Army(ARSA)၊ Rohingya Solidarity Organization (RSO) စသည့် မွတ်ဆလင် လက်နက်ကိုင်အဖွဲ့များ လုံခြုံရေးစောင့်ကြပ်နေသည့်ကြားမှ ဒေသခံနှစ်ဦးသည် မီးရှို့ခံရသော ရပ်ကွက်များအတွင်းသို့ ဝင်ရောက်၍ မှတ်တမ်းရုပ်သံများ ထပ်မံရယူနိုင်ခဲ့ကြောင်းကိုလည်း ရုပ်သံဖိုင်အတွင်း ထည့်သွင်းဖော်ပြထားချက်အရ သိရသည်။

 

၎င်းရုပ်သံဖိုင်အတွင်း စစ်ကောင်စီလက်အောက်ခံ မွတ်ဆလင် လက်နက်ကိုင်အဖွဲ့အစည်းများဖြစ်သည့် ARSA, ARA, RSO အဖွဲ့များနှင့် မကြာသေးမီက စစ်ကောင်စီသင်တန်းပေးခဲ့သည့် မွတ်ဆလင်လက်နက်ကိုင်များမှ ရက္ခိုင်၊ ဟိန္ဒူနှင့် အခြားမွတ်ဆလင်မဟုတ်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြသည်ဟုလည်း ထည့်သွင်းဖော်ပြထားသည်။

 

AA မှထုတ်ပြန်သည့် မှတ်တမ်းရုပ်သံဖိုင်ကို CJ Platform ၏ Telegram ချန်နယ်တွင် အပြည့်အစုံ ဝင်ရောက်ကြည့်ရှုနိုင်သည်။

 

Telegram တွင်ကြည့်ရှုရန် >>> https://t.me/cjplatform

 

ပုံစာ – စစ်ကောင်စီနှင့် လက်အောက်ခံ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များ၏ မီးရှို့ဖျက်ဆီးမှုကြောင့် ပျက်စီးခဲ့ရသည့် ဘူးသီးတောင်မြို့မှနေအိမ်များ

Related News

Depend on news