ယခုတစ်ပတ်ကစားမယ့် ပွဲတွေထဲက CJ Platform ရဲ့ ပွဲကြိုသုံးသပ်ချက်များ
လီဗာပူးလ် – အစ်ဆွစ်ချ်တောင်း (စနေည ၉ နာရီခွဲ)
အိမ်ရှင်လီဗာပူးလ်အတွက်တော့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၁၆ သင်းအဆင့်ကို တိုက်ရိုက်တက်ရောက်ခွင့်ရထားပြီးပြီဖြစ်လို့ စိတ်ဓာတ်ရေးရာ အားကောင်းနေပါတယ်။ ပရီးမီးယားလိဂ်မှာလည်း တစ်ပွဲလျော့အနေအထားကနေ ဒုတိယနေရာက အာဆင်နယ်ကို ခြောက်မှတ်အထိ ဖြတ်ထားနိုင်ခဲ့ပါတယ်။
လီဗာပူးလ်ရဲ့ ခြေစွမ်းဟာ ဇန်နဝါရီမှာ အနည်းငယ်လောက် ယိမ်းယိုင်သွားတယ်ဆိုပေမဲ့ သူတို့က လမ်းကြောင်းမှန်ပေါ် ရပ်တည်နေနိုင်ဆဲပါ။ ဒီပွဲကတော့ သူတို့အတွက် အန်ဖီးလ်မှာ လွယ်လွယ်ကူကူ နိုင်ပွဲရှာရမယ့် အချိန်ပါ။ အစ်ဆွစ်ချ်တောင်းက လီဗာပူးလ်ကို ယှဉ်ကစားနိုင်ဖို့ မလွယ်ပါဘူး။ နောက်ဆုံးကစားခဲ့တဲ့ပွဲမှာလည်း မန်စီးတီးကို ခြောက်ဂိုးပြတ် ရှုံးထားပါတယ်။ အိမ်ရှင်လီဗာပူးလ်တို့ ဂိုးပြတ်အနိုင်ရမယ့်ပွဲပါ။
ခန့်မှန်းချက် – လီဗာပူးလ် ၃-၀ အစ်ဆွစ်ချ်တောင်း
****************************************
၀ုလ်ဗ် – အာဆင်နယ် (စနေည ၉ နာရီခွဲ)
၀ုလ်ဗ်က အမှတ်ပေးဇယား အဆင့် ၁၇ မှာ ရပ်တည်နေတဲ့အသင်းဖြစ်ပြီး တန်းဆင်းဇုန်ဖိအားလည်း ရင်ဆိုင်နေရပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ငါးပွဲမှာလည်း ပုံမှန်ခြေစွမ်းမရှိတဲ့ မန်ယူကို နိုင်ပြီး၊ တပ်ပျက်နေတဲ့ စပါးကိုသရေကျကာ နော်တင်ဟမ်ဖောရက်စ်၊ နယူးကာဆယ်နဲ့ ချဲလ်ဆီးတို့လို ပုံမှန်ခြေစွမ်းရှိတဲ့အသင်းတွေကို ဂိုးပြတ်ရှုံးထားတာကြောင့် ၀ုလ်ဗ်ရဲ့ခြေစွမ်းက အထင်ကြီးစရာမရှိပါဘူး။
တစ်ဘက်မှာ အာဆင်နယ်ရဲ့ လက်ရှိခြေစွမ်းကလည်း ယုံစားရခက်တဲ့အခြေအနေမှာ ရှိနေပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ ဂိုးပြတ်အနိုင်ရခဲ့ပြီး နောက်တစ်ဆင့်တက်ဖို့ သေချာသွားခဲ့လို့ သူတို့အနေနဲ့ ယုံကြည်မှုတော့ မြင့်တက်နေမှာပါ။
အာဆင်နယ်ရဲ့တိုက်စစ်ပိုင်းမှာ အားထားရတဲ့ ကစားသမားတွေမပါဝင်နိုင်ခြင်းကြောင့် ဂိုးရဖို့ ရုန်းကန်နေရပြီး တည်ကန်ဘောတွေကိုပဲ အားကိုးနေရပါတယ်။ ဒါပေမဲ့ အာဆင်နယ်အနေနဲ့ ခက်ခက်ခဲခဲကစားပြီး အနိုင်သုံးမှတ်ရယူကာ လီဗာပူးလ်ကို ဆက်လက်ဖိအားပေးသွားနိုင်ပါလိမ့်မယ်။
ခန့်မှန်းချက် – ၀ုလ်ဗ် ၁-၂ အာဆင်နယ်
****************************************
နာပိုလီ – ဂျူဗင်တပ်စ် (စနေည ၁၁ နာရီခွဲ)
လက်ရှိမှာ နာပိုလီက စီးရီးအေ အမှတ်ပေးဇယားကို ဦးဆောင်ထားနိုင်တဲ့အသင်းဖြစ်ပြီး နောက်ဆုံးကစားခဲ့တဲ့ ၅ ပွဲဆက် အနိုင်ရကာ အဲဒီ ငါးပွဲမှာ ရဂိုးက ၁၁ ဂိုးရှိပြီး ပေးဂိုးက သုံးဂိုးတည်းသာ ရှိခဲ့ပါတယ်။ နာပိုလီဟာ ကွန်တီရဲ့ ဦးဆောင်မှုနဲ့အတူ အကောင်းဆုံး စွမ်းဆောင်ရည်တွေကို ပြသထားနိုင်ပါတယ်။ ဂျူဗင်တပ်စ်ကတော့ နောက်ဆုံး ငါးပွဲမှာ တစ်ပွဲနိုင်၊ သုံးပွဲသရေနဲ့ တစ်ပွဲရှုံးထားတဲ့ အသင်းပါ။
ဂျူဗင်တပ်စ်ဟာ နည်းပြ သီယာဂို မော့တာလက်ထက်မှာ စီးရီးအေ ရှုံးပွဲမရှိသေးဘူးဆိုပေမဲ့ ၂၁ ပွဲကစားပြီးချိန်မှာ ၁၃ ပွဲအထိ သရေကျခဲ့ကာ အဆင့် ငါးအထိ ရောက်သွားခဲ့တာပါ။ ခြေစွမ်းပိုင်းအရလည်း အားရစရာမရှိဘဲ တိုက်စစ်ပိုင်းက ဂိုးရဖို့ ခက်ခဲနေပါတယ်။ နာပိုလီကတော့ ချန်ပီယံဆုကို မျှော်မှန်းနေတဲ့အသင်းပီပီ အိမ်ကွင်းမှာ အနိုင်ရဖို့ အားထုတ်လာမှာပါ။ လက်ရှိခြေစွမ်းအရ ဂျူဗင်တပ်စ်တို့ နာပိုလီကို အသာရဖို့မလွယ်ပါဘူး။ နာပိုလီတို့ အိမ်ကွင်းမှာ နိုင်ပွဲဆက်ပါလိမ့်မယ်။
ခန့်မှန်းချက် – နာပိုလီ ၂-၁ ဂျူဗင်တပ်စ်
*********************************
ဖရိုင်းဘတ် – ဘိုင်ယန်မြူးနစ် (စနေည ၉ နာရီ)
အိမ်ရှင်ဖရိုင်းဘတ်က ဒီရာသီ ၁၈ ပွဲကစားပြီးချိန် အမှတ်ပေးဇယား အဆင့် ရှစ်မှာ ရပ်တည်နေတဲ့အသင်းဖြစ်ပြီး နောက်ဆုံးကစားထားတဲ့ ငါးပွဲမှာ နှစ်ပွဲနိုင်ပြီး သုံးပွဲရှုံးထားပါတယ်။ ဘိုင်ယန်မြူးနစ်ကတော့ အမှတ်ပေးဇယားကို ဦးဆောင်ထားနိုင်ပြီး ဒုတိယနေရာက လေဗာကူဆင်ကို လေးမှတ်ဖြတ်ထားနိုင်ပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့ကြားရက်တုန်းက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဖီယင်နုကို ဘောလုံးပိုင်ဆိုင်မှု ၈၀ ရာခိုင်နှုန်းအထိ ရရှိအောင်ကစားနိုင်ခဲ့ပေမဲ့ သုံးဂိုးပြတ်နဲ့ အရေးနိမ့်ကာ ၁၆ သင်းအဆင့်ကို တိုက်ရိုက်တက်လှမ်းခွင့်နဲ့ ဝေးကွာခဲ့ရပါတယ်။ အဲဒီအခြေအနေကို ဘိုင်ယန်မြူးနစ်အနေနဲ့ ပေါက်ကွဲလာမှာသေချာပါတယ်။ ဖရိုင်းဘတ်အနေနဲ့ လက်ရှိခြေစွမ်းအရ ဘိုင်ယန်မြူးနစ်ကို ယှဉ်ကစားဖို့ မလွယ်လို့ ဂိုးပြတ်မရှုံးအောင် အာရုံစိုက်ကစားရဖွယ် ရှိနေပါတယ်။
ခန့်မှန်းချက် – ဖရိုင်းဘတ် ၀-၃ ဘိုင်ယန်မြူးနစ်
****************************************
မန်စီးတီး – ချဲလ်ဆီး (တနင်္ဂနွေနံနက် ၁၂ နာရီ)
အိမ်ရှင်မန်စီးတီးအသင်းကတော့ တည်ငြိမ်မှုပြန်လည်ရရှိဖို့ ကြိုးစားနေတဲ့အသင်းဖြစ်ပြီး ပြည်တွင်းမှာ ရလဒ်ကောင်းတွေပြန်ရလာပေမဲ့ ချန်ပီယံလိဂ်မှာတော့ ပီအက်စ်ဂျီကို နှစ်ဂိုးအသာနဲ့ ဦးဆောင်နိုင်ခဲ့ပြီးမှ လေးဂိုးအထိ ပြန်ပေးခဲ့ရပြီး ရုပ်ပျက်ဆင်းပျက် ရှုံးခဲ့တာကြောင့် နောက်တစ်ဆင့်တက်ရေး ရုန်းကန်ရမဲ့ အခြေအနေဆီ ဆိုက်ရောက်သွားခဲ့ပါတယ်။ ဒါပေမဲ့ ချဲလ်ဆီးနဲ့ နောက်ဆုံး တွေ့ဆုံထားတဲ့ ၁၀ ကြိမ်မှာ အရှုံးလုံး၀မရှိခဲ့တာက ဒီပွဲအတွက် စိတ်ဓာတ်ရေးရာ အသာရနေမှာ သေချာပါတယ်။ ချဲလ်ဆီးကလည်း ခြေစွမ်းမတည်ငြိမ်တဲ့အသင်းဖြစ်ပြီး နောက်ဆုံးကစားခဲ့တဲ့ ငါးပွဲမှာ နှစ်ပွဲနိုင်၊ နှစ်ပွဲသရေနဲ့ တစ်ပွဲရှုံးထားပါတယ်။
ရှုံးရတဲ့ပွဲကလည်း တန်းတက် အစ်ဆွစ်ချ်တောင်းလိုအသင်းကို အိမ်ကွင်းမှာပဲ နှစ်ဂိုးပြတ်ရှုံးထားတာဖြစ်လို့ ချဲလ်ဆီးရဲ့ခြေစွမ်းမတည်ငြိမ်မှုက ပေါ်လွင်နေပါတယ်။ လက်ရှိခြေစွမ်းအရ နှစ်သင်းလုံးက ထူးမခြားနားပုံစံဖြစ်နေပြီး မန်စီးတီးကတော့ အိမ်ရှင် အားသာချက်ရှိနေပါတယ်။ ချဲလ်ဆီးနည်းပြ မာရက်စ်ကာဆိုတာ မန်စီးတီးနည်းပြ ဂွာဒီယိုလာရဲ့တပည့်ဖြစ်လို့ ဆရာတပည့်နှစ်ယောက်ရဲ့ အားပြိုင်မှုကိုလည်း မြင်ရမှာပါ။ အပြန်အလှန်သွင်းဂိုးတွေ မြင်တွေ့ရဖို့များပြီး မန်စီးတီးတို့ အသာရသွားဖွယ်ရှိနေပါတယ်။
ခန့်မှန်းချက် – မန်စီးတီး ၂-၁ ချဲလ်ဆီး
ဓာတ်ပုံ – opta, Twitter