မြိုင်က ပျူရွာမှာ မိုင်းထောင်စဉ် ပေါက်ကွဲမှုဖြစ်ပြီး တော်လှန်ရေးရဲဘော်တစ်ဦး ကျဆုံးတဲ့အပြင် သုံးဦးဒဏ်ရာရ

Published on Jun 24, 2024

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိင်မြို့နယ်က ပျူစောထီးရွာဖြစ်တဲ့ သရက်ကွကျေးရွာအနီး မနေ့ ဇွန်လ ၂၃ ရက် မနက် ၇ နာရီခန့်က မိုင်းထောင်စဉ် မတော်တဆပေါက်ကွဲလို့ တော်လှန်ရေးရဲဘော်တစ်ဦးကျဆုံးခဲ့တယ်လို့ မြိုင်အခြေစိုက်သေဆုံးသူမိခင်တပ်ဖွဲ့ဖြစ်တဲ့ Ghost Of Enemies-GOE Revolution Force အဖွဲ့ထံမှ သိရပါတယ်။

 

ကျဆုံးခဲ့တဲ့ ရဲဘော်ငညီ (၂၄) နှစ်ဟာ တပ်ဖွဲ့ထဲဝင်ရောက်လာခဲ့တာ သုံးနှစ်ဝန်းကျင်ရှိပြီဖြစ်ပြီး ယခင်က အပြင်စီးပွားရေးလုပ်ကိုင်သူတစ်ဦးဖြစ်တယ်လို့ GOE Revolution Force ပြန်ကြားရေးတာဝန်ခံက CJ Platform သို့ပြောပါတယ်။

 

“သရက်ကွပျူရွာကို မိုင်းထောင်နေတဲ့အချိန်မှာ ထောင်ရင်းနဲ့ ဘယ်လိုလုပ်မိလဲမသိဘူး။ တစ်ခုခုလွဲချော်ပြီး ကွဲသွားတာဗျ။ တကယ်က စစ်ကြောင်းကလည်း တွင်းမ(ရွာ)မှာဆိုတော့ လာမယ့်(စစ်ကောင်စီစစ်ကြောင်း)တွေကို မိုင်းထောင်ရင်းနဲ့ဖြစ်သွားတာဗျ” လို့ ၎င်းက ဆိုပါတယ်။

 

မိုင်းပေါက်ကွဲမှုကြောင့် ကျဆုံးရဲဘော်ဟာ ခန္ဓာကိုယ်အနှံ့ ပြင်းထန်ဒဏ်ရာတွေနဲ့ နေရာမှာတင် ကျဆုံးခဲ့တာကြောင့် အဲဒီနေ့ မနက် ၁၀ နာရီခန့်မှာပဲ သင်္ဂြိုလ်ခဲ့ပြီး ရဲဘော် သုံးဦးမှာလည်း မိုင်းစစင်ပြီး ဒဏ်ရာ(မစိုးရိမ်ရ)တချို့ ရခဲ့တယ်လို့ သိရပါတယ်။

 

အညာဒေသမှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့အများစုဟာ လက်လုပ်မိုင်းတွေနဲ့ လုပ်ဆောင်နေရတာကြောင့် မိုင်းလွဲချော်မှု မကြာခဏရှိတတ်ပြီး ပေါက်ကွဲတာတွေဖြစ်လို့ ကျဆုံးရတာတွေရှိသလို ရှိတဲ့အင်အားနဲ့ တော်လှန်နေရတာကြောင့် လက်နက်ခဲယမ်း လိုအပ်တယ်လို့ အထက်ပါတာဝန်ရှိသူက ဆိုပါတယ်။

 

တော်လှန်ရေးကာလအတွင်း Ghost Of Enemies -GOE Revolution Force က ရဲဘော်တွေမှာ မိုင်းထောင်နေစဉ် မတော်တဆမှုကြောင့် ကျဆုံးခဲ့တာ ရဲဘော် ငညီအပါအဝင် ငါးဦး၊ မျက်စိကွယ်သူ နှစ်ဦးနဲ့ လက်နဲ့ ခြေထောက်တွေထိခိုက်ခဲ့သူ ငါးဦးခန့်ရှိကာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ် ရေးဝန်ကြီးဌာန(MoD)ထံမှ ကျဆုံး၊ဒဏ်ရာရ ရဲဘော်တွေအတွက် မည်သည့်အထောက်အပံ့မှ မရရှိဖူးသေးဘူးလို့ ပြန်ကြားရေးတာဝန်ခံက ဆိုပါတယ်။

 

ဓာတ်ပုံ- ပေးပို့

 

ပုံစာ – ကျဆုံးရဲဘော်ငညီ