လုပ်ခလစာတိုးမပေးဘဲ ဖိနှိပ်မှုတွေလုပ်ခဲ့တဲ့ အထည်ချုပ်စက်ရုံက အလုပ်သမား ၂၀၀ ကျော် အလုပ်ထွက်

Author လဂွန်းအိမ်
Categories
Published on May 22, 2024

ရန်ကုန်တိုင်း လှိုင်သာယာစက်မှုဇုန် (၅) မလိခ လမ်းမှာရှိတဲ့ Sun Apparel (Myanmar) အထည်ချုပ်စက်ရုံက အလုပ်သမား ၂၀၀ ကျော်ဟာ တခြားစက်ရုံတွေလို လုပ်ခ လစာ မတိုးပေးတဲ့အတွက် အလုပ်က ထွက်ခဲ့တယ်လို့ မြန်မာနိုင်ငံအထွေထွေအလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (FGWN) ထုတ်ပြန်ချက်အရ သိရပါတယ်။

 

အလုပ်သမားတွေဟာ ဧပြီလ လစာ ကို မေလ ၅ ရက်နေ့မှာ ထုတ်ယူခဲ့ပြီး နှစ်ကြီး အလုပ်သမားတော်တော်များများက အခြားစက်ရုံတွေလို လုပ်ခ လစာတိုးပေးဖို့ တောင်းဆိုရာမှာ စက်ရုံဘက်က ကျပ်တစ်သောင်းခွဲသာ တိုးပေးပြီး မကြိုက်ရင် မလုပ်နဲ့လို့ ပြောဆိုခဲ့ရာမှ အလုပ်ထွက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 

မနှစ်က ဇွန်လမှာလည်း လုပ်ခလစာ တစ်နေ့ ၈၀၀ တိုးပေးဖို့ တောင်းဆိုခဲ့တဲ့ အလုပ်သမားခါင်းဆောင်တွေကို Sun Apparel (Myanmar) စက်ရုံက စစ်ကောင်စီတပ်တွေခေါ်ကာ ဖမ်းဆီးစေခဲ့ပြီး စစ်ကောင်စီက အလုပ်သမားခေါင်းဆောင် ၇ ဦးနဲ့ အလုပ်သမားအရေးကူညီသူ ၃ ဦးကို ဆူပူအောင်လှုံဆော်တယ်ဆိုပြီး ဖမ်းဆီးထောင်ချဖို့ ဆောင်ရွက်ခဲ့ပါသေးတယ်။

 

အဲဒီတုန်းက Sun Apparel (Myanmar) ရဲ့ အဓိကဖောက်သည်တစ်ခုဖြစ်တဲ့ JAKO တံဆိပ်ကုမ္ပဏီက အလုပ်ရှင်ကို ဖိအားပေးခဲ့တာအပြင် သက်ဆိုင်ရာနယ်မြေရဲစခန်းနဲ့ အင်းစိန်ထောင်အထိ စာပို့ပြီး အလုပ်သမားတွေအတွက် တာဝန်ယူပြီးပြန်လွတ်အောင် ဆောင်ရွက်ပေးခဲ့တာကြောင့် ဖမ်းဆီးခံထားရတဲ့ အလုပ်သမား ၂ ဦးပြန်လွတ်ခဲ့ပါတယ်။

 

“လက်ရှိစက်ရုံရဲ့ အခြေအနေကို အများပြည်သူကိုဖော်ပြပြီး ဖိအားပေးတာအပြင်၊စက်ရုံရဲ့ လက်ရှိကုန်အမှတ်တံဆိပ်ကို ဆက်သွယ်ပြီး စက်ရုံအတွင်းမှာ ကျန်နေသေးတဲ့ အလုပ်သမားတွေအတွက် မတရားအလုပ်ထုတ်ခံနေရတာကို ဖြေရှင်းဆောင်ရွက်ပေးရန် ဖိအားပေးသွားမှာဖြစ်ပါတယ်” လို့ FGWM တာဝန်ရှိသူက CJ Platform ကိုပြောပါတယ်။

 

အဲဒီစက်ရုံဟာ လစဉ်အလုပ်သမားအသစ်တွေကို ခေါ်ယူလေ့ရှိပြီး အထည်စံချိန် မတရားတောင်းကာ မလုပ်နိုင်တဲ့ အလုပ်သမားတွေကို မိမိသဘောနဲ့ထွက်တဲ့ပုံစံ အလုပ်ထွက်စာတင်ခိုင်းလေ့ရှိလို့ အရင်လကလည်း အလုပ်သမား ၃၀ ကျော် အလုပ်ရပ်နားခံခဲ့ရတယ်လို့ FGWM ရဲ့မှတ်တမ်းတွေအရ သိရပါတယ်။

 

ဓာတ်ပုံ – FGWM

Related News

Depend on news