ကြို့ပင်ကောက်က အုပ်ချုပ်ရေးမှူးကိုဝင်တိုက်ခိုက်ချိန် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး အုပ်/မှူးဇနီးအပါအဝင် သုံးဦးသေဆုံး

Published on May 23, 2024

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ အုတ်တွင်းကုန်းအုပ်စု၊ အေးမကွင်းကျေးရွာက အုပ်ချုပ်ရေးမှူးကို ဝင်ရောက်စီးနင်းတိုက်ခိုက်စဉ် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် အုပ်ချုပ်ရေးမှူး ဇနီးအပါအဝင် သုံးဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

အေးမကွင်းကျေးရွာက အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဝင်း(၄၈)နှစ်ခန့်ဟာ သူ့ရဲ့နေအိမ်မှာ ပျူစောထီးတွေနဲ့ အစည်းအဝေးလုပ်နေကြောင်း သတင်းရရှိတာကြောင့် မေလ ၂၁ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်မှာ  သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုက စီးနင်းတိုက်ခိုက်ခဲ့ပါတယ်။

 

အဲဒီလိုဝင်တိုက်ခိုက်စဉ် အုပ်ချုပ်ရေးမှူးနဲ့ ဇနီးဖြစ်သူက ပြန်လည်ခုခံတဲ့အတွက် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး သူ့ဇနီးအပါအဝင် သုံးယောက်သေဆုံးခဲ့တယ်လို့ မြေအောက်ပြောက်ကြားတပ်ဖွဲ့(အုတ်ဖို)မှ တာဝန်ရှိသူက CJ Platform ကိုပြောပါတယ်။

 

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ဦးခင်မောင်ဝင်းဟာ ပြင်းထန်ဒဏ်ရာတွေနဲ့အတူ အိမ်နောက်ဘက်တံခါးပေါက်ကနေ ထွက်ပြေးလွတ်မြောက်သွားပေမဲ့ သူ့ရဲ့ဇနီး မသန်းသန်းနွယ်(၄၈)နှစ်ခန့်နဲ့ သူတို့အိမ်မှာရောက်နေတဲ့ ချေးငွေလုပ်ငန်းက အမျိုးသား နှစ်ဦးကတော့ အပြန်အလှန်ပစ်ခတ်မှုတွေကြား သေဆုံးခဲ့တယ်လို့ အထက်ပါတာဝန်ရှိသူက ဆိုပါတယ်။

 

“ကျွန်တော်တို့ သတိပေးထားပါတယ်။ အဲဒီလိုတွေ ရောရောနှောနှောမနေဖို့ သူတို့က အတူတူရောထိုင်နေတာ။ ပြန်လည်း ခုခံတော့ ပစ်ရတာပါ။ အုပ်ကြီးက အရင်စပစ်လို့ ကျွန်တော်တို့လည်း ပြန်ပစ်တော့ ထိမှန်ကုန်တာပေါ့။ ခုလို ဖြစ်ကုန်တော့ စိတ်တော်တော်မကောင်းဘူး။ ခုလည်း ထပ်ပြောချင်ပါတယ်။ ဝေးဝေးနေကြပါ” လို့ အုတ်ဖို ပြောက်ကြားအဖွဲ့ တာဝန်ရှိသူက ဆိုပါတယ်။

 

အဆိုပါ ပစ်ခတ်မှုဖြစ်ပွားအပြီး အုပ်ချုပ်ရေးမှူးကပဲ သေဆုံးအလောင်းတွေကို လူနာတင်ကားနဲ့ ညနေ ၃ နာရီခွဲခန့်မှာ ကြို့ပင်ကောက်ဆေးရုံကို ခေါ်သွားတယ်လို့ သိရပါတယ်။

 

ပြီးခဲ့တဲ့မေလ ၂ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၀ မိနစ်ခန့်တုန်းက ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ဖလံပင်အုပ်စု၊ ရွာသစ်ကျေးရွာက ပျူစောထီးခေါင်းဆောင် ရာအိမ်မှူး ဦးမြင့်အောင်ကို သာယာဝတီခရိုင်၊ တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကြားတပ်ဖွဲ့-အုတ်ဖိုက သူ့နေအိမ်မှာ ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့ပါတယ်။

 

ဓာတ်ပုံ – မြေအောက်ပြောက်ကျားတပ်ဖွဲ့(အုတ်ဖို)