“ကျပြီးရင်းကျလာတဲ့ စက်သုံးဆီဈေးနှုန်း” “ဒီတစ်ပတ် စက်သုံးဆီအခြေအနေ” (မတ်လ ၁၆ ရက်ကနေ ၂၂ ရက်နေ့အထိ)

စက်သုံးဆီဈေးနှုန်းတွေဟာ အခု မတ်လ အတွင်းပြန်လည်ကျဆင်းလာခဲ့ရာကနေ ဒီတစ်ပတ်မှာလည်း ထပ်မံကျဆင်းလာတာကြောင့် အောက်တိန်း 92 နဲ့ 95 ဈေးနှုန်းတွေဟာ ပြီးခဲ့တဲ့ နှစ်ဩဂုတ်လလယ် ဈေးနှုန်းကို ပြန်ရောက်ရှိခဲ့ပါတယ်။
စစ်ကောင်စီဗဟိုဘဏ်ရဲ့ အွန်လိုင်းနိုင်ငံခြားငွေဈေးကွက်(FX)ကနေလည်း ဒီတစ်ပတ်ရဲ့ တနင်္လာနေ့မှာ စက်သုံးဆီလုပ်ငန်းရှင်တွေအတွက် ကန်ဒေါ်လာ ၃၃ သန်းကိုရောင်းချပေးမယ်လို့ အရင်အပတ်ကနည်းတူ ကြေညာခဲ့ပါတယ်။
ရန်ကုန်စက်သုံးဆီ ဈေးနှုန်းတွေထဲ ဒီဇယ်ဈေးနှုန်းဟာ ပြီးခဲ့တဲ့အပတ်ကထက် တစ်လီတာကို ၅၅ ကျပ် အဆင့်မြင့်ဒီဇယ် တစ်လီတာကို ၇၀ ကျပ် ကျဆင်းသွားခဲ့သလို ဓာတ်ဆီအမျိုးအစားတွေဖြစ်တဲ့ အောက်တိန်း 92 နဲ့ အောက်တိန်း 95 တစ်လီတာကို ၉၀ ကျပ် ကျဆင်းသွားခဲ့တာကိုတွေ့ရပါတယ်။
စက်သုံးဆီဈေးနှုန်းတွေအားလုံး အရင်အပတ်ကလိုပဲ သောကြာနေ့မှာသာ ဈေးနှုန်းအပြောင်းအလဲ ဖြစ်ခဲ့ပြီး မန္တလေးစက်သုံးဆီဈေးကွက်မှာတော့ အောက်တိန်း 95 ဈေးနှုန်းက တစ်လီတာကို ၁၁၀ ကျပ်ပိုများကာ ကျန်စက်သုံးဆီဈေးနှုန်းအားလုံး ရန်ကုန်ဈေးကွက်ထက် အရင်အပတ်ကလိုပဲ တစ်လီတာကို ၁၁၅ ကျပ်ပိုများခဲ့ပါတယ်။
ဒီတစ်ပတ် စနေနေ့ ရန်ကုန်စက်သုံးဆီဈေးနှုန်းတွေကတော့ ဒီဇယ်တစ်လီတာ ၂၆၀၀ ကျပ်၊ အဆင့်မြင့်ဒီဇယ်တစ်လီတာ ၃၂၁၅ ကျပ်၊ အောက်တိန်း 92 တစ်လီတာ ၂၉၉၀ ကျပ်၊ အောက်တိန်း 95 တစ်လီတာ ၃၀၄၅ ကျပ်ဈေးရှိပါတယ်။
မန္တလေးစက်သုံးဆီဈေးနှုန်းတွေကတော့ ဒီဇယ်တစ်လီတာ ၂၇၁၅ ကျပ်၊ အဆင့်မြင့်ဒီဇယ်တစ်လီတာ ၃၃၃၀ ကျပ်၊ အောက်တိန်း 92 တစ်လီတာ ၃၁၀၅ ကျပ်၊ အောက်တိန်း 95 တစ်လီတာ ၃၁၅၅ ကျပ် ဈေးရှိပါတယ်။