လူမည်း အမျိုးသားတစ်ဦးကို သတ်ဖြတ်မှုနဲ့ ပြစ်ဒဏ် ချခံထားရတဲ့ ရဲနှစ်ဦး ထရမ့်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ရ

Author CJ Platform
Categories
Published on Jan 23, 2025

အမေရိကန်ပြည်ထောင်စုရဲ့ ၄၇ ယောက်မြောက် သမ္မတသစ် ထရမ့်ဟာ လူမည်းတစ်ဦးကို သတ်ဖြတ်မှုနဲ့ ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ ရဲနှစ်ဦးကို ယမန်နေ့ ဇန်နဝါရီ ၂၂ ရက်နေ့မှာ လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တယ်လို့ အိမ်ဖြူတော်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

လွန်ခဲ့တဲ့ ၂၀၂၀ ခုနှစ် အောက်တိုဘာ ၂၃ ရက်နေ့က  ဝါရှင်တန်ဒီစီ အနောက်မြောက်ပိုင်းမှာ ရဲတပ်ဖွဲ့ဝင်တွေက ခွင့်ပြုချက်မရှိဘဲ အသက် ၂၀ အရွယ် ကာရွန်ဟယ်တန်ဘရောင်းကို လိုက်လံဖမ်းဆီးခဲ့ပြီး ကားနဲ့တိုက်မိခဲ့တာကြောင့် သေဆုံးစေခဲ့တဲ့အတွက် ယမန်နှစ် ၂၀၂၄ ခုနှစ် စက်တင်ဘာလမှာ တီရန့်ဆက်တန်ဂျူနီယာကို ထောင်ဒဏ် ၆၆ လ နဲ့ အန်ဒရူးဇာဗက်ဗ်စကီကို ထောင်ဒဏ် ၄၈ လ အသီးသီး ချမှတ်ထားတာ ဖြစ်တယ်လို့  တရားရေးဌာနက ယမန်နှစ်တုန်းက ထုတ်ပြန်ထားပါတယ်။

 

လွတ်ငြိမ်းချမ်းသာခွင့် မရခင်က ရဲအရာရှိတွေဟာ အယူခံဝင်ထားပြီး အဖြေကို စောင့်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ အသက် ၄၀ ကျော်အရွယ် ဆက်တန်နဲ့ အသက် ငါးဆယ်ကျော်အရွယ် ဇာဗက်ဗ်စကီတို့ကို လစာမပေးတော့ဘဲ ရဲတပ်ဖွဲ့ရဲ့ တာဝန်တွေကနေ အကန့်အသတ်မရှိ ရပ်ဆိုင်းထားတယ်လို့ မြို့တော်ရဲဌာနက ပြောပါတယ်။

 

ဆက်တန်တို့ အမှုကို ကိုးပတ်ကြာ ရုံးတင်စစ်ဆေးပြီးနောက်မှာ ဒုတိယအဆင့် လူသတ်မှု၊ တရားမျှတမှုကို နှောင့်ယှက်မှုနဲ့  နှောင့်ယှက်ဖို့ ပူပေါင်းကြံစည်မှုတို့မှာ အပြစ်ရှိတယ်လို့ ၂၀၂၂ ခုနှစ်နှောင်းပိုင်းမှာ ပြည်ထောင်စု တရားသူကြီးတွေက တညီတညွတ်တည်း ဆုံဖြတ်ခဲ့ကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။

 

ဇာဗက်ဗ်စကီကိုလည်း တရားမျှတမှုကို နှောင့်ယှက်မှုနဲ့ နှောင့်ယှက်ဖို့ ပူပေါင်းကြံစည်မှုတို့မှာ အပြစ်ရှိတယ်လို့ အဲဒီ တရားသူကြီးတွေကပဲ ဆုံးဖြတ်ထားတာဖြစ်တယ်လို့လည်း သိရပါတယ်။

 

တရားသူကြီးတွေက ဆက်တန်ဟာ ဟယ်တန်ဘရောင်းရဲ့ ခန္ဓာကိုယ် အပြင်းအထန်ထိခိုက်သွားနိုင်တာ ဒါမှမဟုတ် သေဆုံးသွားနိုင်ခြေများတဲ့ အခြေအနေရှိနိုင်တာကို ဂရုမစိုက်ဘဲ ရဲကားကိုမောင်းနှင်ပြီး (တိုက်ခဲ့တာကြောင့်) ဟယ်တန်ဘရောင်း သေဆုံးစေတဲ့အထိ ဖြစ်စေခဲ့တာကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။

 

ဒါ့အပြင် ဆက်တန်နဲ့ ဇာဗက်ဗ်စကီတို့ဟာ ဟယ်တန်ဘရောင်းကို သေဆုံးစေခဲ့တဲ့ ယာဉ်တိုက်မှုဖြစ်စဉ်ကို အထက်လူကြီးတွေကို သတင်းမပို့ဘဲ ထိမ်ချန်ထားကြဖို့ ပူးပေါင်းဆောင်ရွက်ခဲ့တာကို တွေ့ရတယ်လို့လည်း ဆိုပါတယ်။ ဝါရှင်တန်ဒီစီ ရဲသမဂ္ဂကတော့ အဲဒီရဲနှစ်ဦးအတွက် လွတ်ငြိမ်းချမ်းသာခွင့်ကို လျှောက်ထားတယ်လို့ သိရပါတယ်။

 

CNN သတင်းဌာနရဲ့ ဖော်ပြချက်အရ ဆက်တန်ရဲ့ ရှေ့နေ ကယ်လန်ဒွိုင်ယာက သူနဲ့ သူ့ အမှုသည်ဟာ ဒီစီတရားသူကြီးတွေက ဒီပြစ်ဒဏ်ကို ပြောင်းပြန်လှန်ပစ်နိုင်မယ်လို့ ယုံကြည်ထားကြောင်းနဲ့ အခုတော့ သမ္မတထရမ့်က တစ်ခါတည်းနဲ့ စွဲချက်အားလုံးကို အဆုံးသတ်ပေးလိုက်တဲ့အတွက် ကြည်နူးဝမ်းမြောက်ရတယ်လို့ ဖော်ပြထားပါတယ်။

 

ဇာဗက်ဗ်စကီရဲ့ရှေ့နေ ခရစ်စတိုဖာဇန်ပုန်ညာကလည်း အလားတူပဲ ထရမ့်ကို ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။ ဟယ်တန်ဘရောင်းရဲ့ မိခင် ကာရင်ဟယ်တန်ကတော့ လွတ်ငြိမ်းချမ်းသာခွင့် ရနိုင်ခြေတွေကို တွေ့မိတဲ့အတွက် တုန်လှုပ်မိပြီး ငိုကြွေးခဲ့ရတယ်လို့ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာချက် ထွက်မလာခင်မှာ CNN သတင်းဌာနကို ပြောပါတယ်။

 

အခုဖြစ်စဉ်ဟာ မင်နီယာပိုးလစ်စ်မှာ ရဲအရာရှိက ဂျော့ဖလွိုက်လို့အမည်ရတဲ့ လူမည်းတစ်ဦးရဲ့ လည်ပင်းပေါ် ဒူးနဲ့ မိနစ်အတော်ကြာကြာ ဖိထားတာကြောင့် သေဆုံးသွားရတဲ့ ဖြစ်စဉ်အပြီး လအနည်းငယ်အကြာမှာ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

 

ဂျော့ဖလွိုက်ရဲ့ ကိစ္စကြောင့် ရဲတပ်ဖွဲ့ရဲ့ ရက်စက်ကြမ်းကြုတ်မှုနဲ့ လူမျိုးရေး မညီမျှမှုတွေကို ဆန့်ကျင်ဆန္ဒပြမှုတွေဟာ အမေရိကန်ပြည်ထောင်စုနဲ့ ကမ္ဘာတစ်ဝန်းမှာ ဖြစ်ပေါ်ခဲ့ပါတယ်။

 

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၀ ရက်နေ့မှာ သမ္မတရာထူး စတင်လက်ခံပြီးတဲ့နောက် ထရမ့်ဟာ လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့မှာ အမေရိကန်ကာပီတယ်လ် အဆောက်အအုံကို ဝင်ရောက်စီးနင်းတဲ့ အဓိကရုဏ်းမှာပါဝင်ခဲ့တဲ့ သူ့ကိုထောက်ခံသူ ၁၅၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပါတယ်။ လွတ်ငြိမ်းချမ်းသာခွင့် ရရှိသူတွေထဲမှာ ရဲတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့တဲ့ သူတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

 

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ရွေးကောက်ပွဲမှာ ထရမ့်ကို ထောက်ခံခဲ့တဲ့ အမေရိကန်ရဲ့ အကြီးဆုံးရဲသမဂ္ဂ The Fraternal Order of Police နဲ့ နိုင်ငံတကာ ရဲချုပ်များအသင်းရဲ့ ပူးတွဲထုတ်ပြန်ချက်မှာတော့ ထရမ့်ရဲ့ (သူ့ကိုထောက်ခံသူတွေကို ပေးခဲ့တဲ့) လွတ်ငြမ်းချမ်းသာခွင့်ဟာ “အလွန်စိတ်ပျက်စရာကောင်းတယ်” လို့  ဖော်ပြထားပါတယ်။

 

ဓာတ်ပုံ – Reuters/Carlos Barria

 

ပုံစာ – ဇန်နဝါရီလ ၂၀ ရက်နေ့မှာ ဝါရှင်တန်က Capital One Arena မှာ  ကျင်းပပြုလုပ်တဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားမှာ အဖွင့် မိန်းပြောကြားနေတဲ့ ဒေါ်နယ်ထရမ့်ကို ‌တွေ့မြင်ရစဉ်

 

ကိုးကား- Reuters