မလေးရှားမှာ မြန်မာ ၆၀ အပါအဝင် တရားမဝင် နိုင်ငံခြားသား ၁၇၀ ကျော် ဖမ်းဆီးခံရ

Author ဆလိုင်း
Categories
Published on Jan 23, 2025

မလေးရှားနိုင်ငံ၊ ကွာလာလာမ်ပူမြို့၊ ဂျလန်အာလောနဲ့ ဘူကစ်ဘင်တန်းကို ယမန်နေ့ ဇန်နဝါရီလ ၂၂ ရက်နေ့၊ ည ၇ နာရီကျော်မှာ အာဏာပိုင်အဖွဲ့တွေက ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ရာ မြန်မာနိုင်ငံသား ၆၀ ဦးအပါအဝင် နိုင်ငံခြားသား ၁၇၆ ဦး ဖမ်းဆီးခံရတယ်လို့ လွတ်မြောက်ရေးကူညီပေးနေသူတွေဆီက သိရပါတယ်။

 

ဖမ်းဆီးခံရတဲ့ နိုင်ငံခြားသားတွေဟာ မလေးရှားနိုင်ငံမှာ တရားမဝင် လာရောက်နေထိုင်သူတွေ၊ အထောက်အထားအပြည့်အစုံမရှိဘဲ အလုပ်လုပ်ကိုင်သူတွေဖြစ်ပါတယ်။

“အဲနေရာက စျေးဆိုင်တွေ၊ စျေးဝယ်စင်တာတွေနဲ့ လူတွေစည်ကားပြီး နိုင်ငံခြားသားတွေ အများစုအလုပ်လုပ်ကိုင်တဲ့နေရာဖြစ်သလို ခရီးသွားနိုင်ငံခြားသားတွေ လာရောက်လှည်ပတ်ကြတဲ့နေရာလည်းဖြစ်တယ်” လို့ မလေးရှားရောက် မြန်မာတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ဖမ်းဆီးခံရတဲ့နိုင်ငံခြားသား ၁၇၆ ဦးထဲမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၇၁ ဦး၊ မြန်မာနိုင်ငံသား ၆၀ ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ၂၄ ဦး၊ နီပေါနိုင်ငံသား ၁၆ ဦး၊ ပါကစ္စတန်နိုင်ငံသား ၃ ဦး၊ အီဂျစ်နိုင်ငံသား ၁ ဦးနဲ့ ဆူဒန်နိုင်ငံသား ၁ ဦးတို့ဖြစ်တယ်လို့ သိရပါတယ်။

ဒီကနေ့ ဇန်နဝါရီလ ၂၃ ရက်နေ့ မနက်အစောပိုင်းမှာ အလုပ်ရှင်တွေနဲ့ မြန်မာလူမှုအဖွဲ့အစည်းတွေရဲ့ အကူအညီနဲ့ ဖမ်းဆီးခံရတဲ့မြန်မာတချို့ ပြန်လွတ်လာပေမဲ့ အများစုမလွတ်ကြသေးဘူးလို့ မလေးရောက်မြန်မာတွေကို ကူညီပေးနေသူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“အခုရက်ပိုင်း မလေးရှားမှာ နေရာအနှံ့ ဖမ်းဆီးနေတာကြောင့် အသွားအလာ ဂရုစိုက်ဖို့၊ အနေအထိုင်ဆင်ခြင်ကြဖို့လိုတယ်။ အထောက်အထားမရှိတဲ့မြန်မာနိုင်ငံသားတွေအနေနဲ့ မလိုအပ်ဘဲ ခရီးသွားလည်တာတွေမလုပ်စေချင်ဘူး” လို့ သူက ပြောပါတယ်။

 

ဖမ်းခံရသူတွေကို ကွာလာလာမ်ပူလူဝင်မှုကြီးကြပ်ရေးရုံးမှာ ထိန်းသိမ်းထားပြီး သူတို့ကို တရားမဝင်နေထိုင်မှု လဝကအက်ဥပဒေ ပုဒ်မ ၆(၁)(ဂ)နဲ့ ပုဒ်မ ၁၅(၁) (ဂ) ၁၉၅၉ ၊ ၁၉၆၃ အပြင် ပုဒ်မ ၃၉(ခ) ၁၉၆၃ နဲ့ စစ်ဆေးသွားမယ်လို့ သိရပါတယ်။

 

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၅ ရက်နဲ့ ၁၆ ရက်နေ့တွေတုန်းကလည်း ပါဟန်းပြည်နယ်၊ ကင်မရွန်ဟိုက်လန်း စိုက်ပျိုးရေးနယ်မြေမှာ မလေးရှားအာဏာပိုင်အဖွဲ့တွေရဲ့ ရှောင်တခင် ဝင်ရောက်ဖမ်းဆီး စစ်ဆေးမှုတွေကြောင့် မြန်မာနိုင်ငံသား ၁၄ ဦးအပါအဝင် အထောက်အထားမဲ့ နိုင်ငံခြားသား ၁၂၁ ဦး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်

 

ပုံစာ – မလေးရှားနိုင်ငံမှာ ဖမ်းဆီးခံရတဲ့ နိုင်ငံခြားသားများကို တွေ့မြင်ရစဥ်