ရေစကြိုက PDF စခန်းလေးခုကိုတပြိုင်တည်းဝင်စီးတဲ့ စစ်ကောင်စီတပ် အထိနာပြီး ၃၀ ကျော်သေတယ်လို့ပြော

Author လဂွန်းအိမ်
Categories
Published on May 22, 2024

မကွေးတိုင်း ရေစကြိုမြို့နယ်အတွင်းရှိ ဇီးတောရွာ၊ ကျောက်ထပ်ရွာ၊ သဲတောရွာအပါအဝင် Southern YSO PDF စခန်းနေရာ လေးခုကို စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းခဲ့သော်လည်း တော်လှန်ရေးအင်အားစုတွေက ခုခံခဲ့လို့ ၃၀ ဦးကျော်သေဆုံးခဲ့ပြီး ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ Southern YSO PDF တပ်ဖွဲ့ဆီက သိရပါတယ်။

 

မေလ ၁၇ ရက် မနက်ပိုင်း ၅ နာရီလောက်မှာ လူနေအိမ်တချို့ကို မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ  ရွာသုံးရွာနဲ့ PDF စခန်းတွေကို တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

 

စခန်းဝင်ရောက် စီးနင်းချိန်အတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့အပြင် ၆၀ မမ  လက်နက်ကြီး နှစ်လုံးနဲ့ စခန်းအတွင်းကို ပစ်ထည့်လိုက်နိုင်တာကြောင့် စစ်ကောင်စီတပ်သား ၂၀ ဦးကျော် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

 

“စခန်းကိုဝင်စီးတဲ့အခါ ကျွန်တော်တို့က ကာရုံကာနိုင်တဲ့ ခုခံစစ်အနေအထားနဲ့ထားတယ်။ တစ်ဖက်မှာ ပြောက်ကြားနည်းစနစ်နဲ့ ခုခံစစ်ပြန်ပြင်ဆင်တဲ့အခြေအနေပါပဲ” လို့ Southern YSO PDF က တာဝန်ခံ ကိုအောင်မောင်းက CJ Platform ကိုပြောပါတယ်။

 

နတ်မိချောင်းစစ်ဆင်ရေးအဖြစ် စခန်းစတင်တည်ဆောက်စဉ်ကပင် မိုင်းတွေဆင်ထားခဲ့တာကြောင့် စခန်းဝင်စီးခဲ့တဲ့အချိန်မှာ မိုင်းခွဲနိုင်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီထိတွေ့တိုက်ပွဲမှာ သေဆုံးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မေ ၁၈ ရက် ညမှာ စစ်ကောင်စီက ကားနှစ်စီးနဲ့ ပြန်သယ်သွားတယ်လို့လည်း သိရပါတယ်။

 

ဒါ့အပြင် ရှေ့ပြေးကင်းတက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်း တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံးခဲ့သလို  MA1  သုံးလက်၊ MA2 တစ်လက်၊ MA3 တစ်လက်၊ G3 လေးလက်၊ အာပီဂျီ ထိပ်ဖူး တစ်ဖူး၊ ကျည်မျိုးစုံ ၄၀၀ ကျော်၊ ဦးထုပ် နှစ်လုံးသိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

 

ပြည်တွင်းပြည်ပမှာရှိတဲ့ မိဘပြည်သူတွေအနေနဲ့ နတ်မိချောင်းစစ်ဆင်ရေးကမ်ပိန်းမှာ ပါဝင်ပေးကြဖို့နဲ့ Southern YSO PDF အဖွဲ့ကိုဝိုင်းဝန်းကူညီပေးကြဖို့ တောင်းဆိုပါတယ်လို့ ကိုအောင်မောင်းက ဆက်လက်ပြောပါတယ်။

 

ဓာတ်ပုံ – Southern YSO PDF