တောင်တရုတ်ပင်လယ်အတွင်း ထိုင်ဝမ်အရေးတင်းမာနေချိန် တရုတ်ဘက်က ရပ်တည်တယ်လို့ စစ်အုပ်စု ထပ်မံထုတ်ပြန်

Author CJ Platform
Categories
Published on Jan 02, 2026

ထိုင်ဝမ်ကျွန်းအနီး တရုတ်စစ်တပ်က ကျည်အစစ်တွေသုံးကာ စစ်ရေးလေ့ကျင့်မှုတွေ အရှိန်မြှင့် လုပ်ဆောင်လာပြီးနောက်ပိုင်း ဒေသတွင်း တင်းမာမှုတွေ ပိုမိုမြင့်တက်လာချိန် စစ်အုပ်စုက တရုတ်နိုင်ငံဘက်က ရပ်တည်တယ်လို့ ဒီနေ့ ဇန်နဝါရီ ၂ ရက်မှာ ထပ်မံထုတ်ပြန်လာပါတယ်။

 

ထိုင်ဝမ်အရေးဟာ တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေးဖြစ်ပြီး တရုတ်ရဲ့ ခွဲခြမ်းစိတ်ဖြာလို့မရတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်သလို ထိုင်ဝမ်ရဲ့ ခွဲထွက်လှုပ်ရှားမှုဟာ ဒေသတွင်းလုံခြုံရေးကို ထိခိုက်စေတာကြောင့် အသိအမှတ်မပြုဘူးလို့ စစ်အုပ်စုရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

ဒါဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၂၁ ရက်က ထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီး ဒေသတွင်းမီဒီယာတွေက မေးမြန်းချိန် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အစဉ်တစိုက် ထောက်ခံခဲ့ကြောင်း စစ်အုပ်စုပြောခွင့်ရ ဇော်မင်းထွန်းက ပြန်လည်ဖြေဆိုခဲ့ပြီးနောက် တစ်လကျော်အကြာမှာ စစ်အုပ်စု ဝါဒဖြန့်သတင်းစာတွေကနေ ဒီနေ့မှာ ထပ်မံထုတ်ပြန်လာတာ ဖြစ်ပါတယ်။

 

ဒါ့အပြင် မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံရဲ့ လွတ်လပ်ရေးကို အစောဆုံးအသိအမှတ်ပြုခဲ့တဲ့နိုင်ငံဖြစ်ပြီး ထိုင်ဝမ်နဲ့ ပြန်လည်ပေါင်းစည်းရေး တရုတ်တစ်နိုင်ငံတည်း မူဝါဒကို အစဉ်တစိုက် ရပ်တည်ထောက်ခံခဲ့သလို ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူဝါဒ ၅ ချက်ပါ ပထမအချက်ဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှုအပေါ် ကာကွယ်ခြင်းကို ရပ်တည်ထောက်ခံတယ်လို့ စစ်အုပ်စုက ဆိုပါတယ်။

 

ထိုင်ဝမ်ကို တရုတ်နယ်နမိတ်ထဲ ပြန်လည်ထည့်သွင်းရေးနဲ့ ပတ်သက်ပြီး ရည်မှန်းချက် ပြည့်မြောက်တဲ့အထိ လုပ်ဆောင်သွားမှာဖြစ်သလို တရုတ်သမ္မတ ရှီကျင့်ဖျင်ကလည်း ဒါကို ရပ်တန့်လို့ ရမှာမဟုတ်ဘူးလို့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၃၁ ရက်မှာ ပြောကြားခဲ့ပါသေးတယ်။

 

ဒါဟာ ဒီဇင်ဘာ ၂၈ ၊ ၂၉ ရက်က ကျည်အစစ်တွေအသုံးပြုပြီး ထိုင်ဝမ်ဘက်ကို ဦးတည်ပစ်ခတ်တဲ့ စစ်ရေးလေ့ကျင့်မှုတွေပြုလုပ်ခဲ့ပြီးနောက်ပိုင်း ရှီကျင့်ဖျင်က ပြောဆိုခဲ့တာဖြစ်ပြီး ထိုင်ဝမ်နဲ့ တရုတ်ပြည်မကြီးက ပြည်သူတွေဟာ သွေးသားရင်းချာ (bond of blood and kinship) တွေသာ ဖြစ်တယ်လို့ ဆိုပါတယ်။

 

ထိုင်ဝမ်ကျွန်းအနီး စစ်ရေးလေ့ကျင့်မှုနဲ့ပတ်သက်ပြီး တရုတ်နဲ့မိတ်ဖက်နိုင်ငံတွေဖြစ်တဲ့ ရုရှား၊ ကျူးဘား၊ ဆားဘီးယား၊ ဗင်နီဇွဲလား၊ ဇင်ဘာဘွေ၊ ပါကစ္စတန်နဲ့ ဒါဇင်နဲ့ချီတဲ့ နိုင်ငံတွေကလည်း ထောက်ခံမှုတွေရှိခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ကျန်းကလည်း ဒီဇင်ဘာ ၃၁ ရက် ပြောဆိုခဲ့ပါသေးတယ်။

 

ထိုင်ဝမ်ကျွန်းဘက်ကို ဦးတည်ကာ တရုတ်စစ်တပ် စစ်ရေးလေ့ကျင့် ပစ်ခတ်မှုတွေနဲ့ပတ်သက်ပြီး ထိုင်ဝမ်သမ္မတ လိုင်ချင်းတေက ကန့်ကွက်ရှုတ်ချထားသလို နိုင်ငံရဲ့အချုပ်အခြာအာဏာကို ကျူးကျော်လာပါက အစွမ်းကုန်ကာကွယ်သွားမယ်လို့လည်း မနေ့ ဇန်နဝါရီ ၁ ရက် နှစ်သစ်ကူးမိန့်ခွန်းမှာ ပြောကြားထားပါသေးတယ်။

 

ထိုင်ဝမ်ကို တရုတ်က ကျူးကျော်လာပါက ဒါဟာ ဂျပန်ရဲ့ ရှင်သန်ရေးကို ခြိမ်းခြောက်မှုတွေ ဖြစ်လာနိုင်တာကြောင့် ထိုင်ဝမ်ကို ကာကွယ်ဖို့အတွက် စစ်ရေးအကူအညီတွေပေးသွားမယ်လို့ ဂျပန်ဝန်ကြီးချုပ် ဆာနေး တာကာအီချီက ပြောကြားထားပါသေးတယ်။

 

ဓာတ်ပုံ – Reuters