တော်လှန်ရေးတပ်တွေစိုးမိုးနိုင်ပြီးနောက် ချင်းပြည်တောင်ပိုင်းမှာ ဝဥဈေးကွက် ပြန်ပေါ်လာ ဝဥအခြောက်တစ်ပိဿာ တစ်သောင်းကျပ်ဈေးရ
ချင်းပြည်တောင်ပိုင်းမှာ တော်လှန်ရေးတပ်တွေ စိုးမိုးလာပြီးနောက်ပိုင်း ပြီးခဲ့တဲ့နှစ်အတွင်းကစပြီး ဒေသခံတွေ စီးပွားဖြစ် စိုက်ပျိုးထားတဲ့ ဝဥဈေးကွက်ပြန်လည်ပေါ်ပေါက်လာတယ်လို့ တောင်သူတွေဆီကနေ စုံစမ်းသိရှိရပါတယ်။
အာဏာသိမ်းပြီးနောက် ဝဥအဓိကစိုက်တဲ့ ချင်းပြည်တောင်ပိုင်းမှာ တိုက်ပွဲတွေကြောင့် စျေးကွက်ပျက်သွားခဲ့တာပါ။
အခုတော့ အာဏာမသိမ်းခင်ကလောက် ဈေးကောင်းမရပေမဲ့ တရုတ်နဲ့ ပြည်တွင်းအဝယ်တို့ ပြန်လိုက်လာတဲ့အတွက် ဝဥစိုက်တောင်သူတွေ အဆင်ပြေနေကြတယ်လို့ သူတို့က ဆိုပါတယ်။
“အရင်နှစ်တွေက နိုင်ငံရေးအခြေအနေနဲ့ စျေးကွက်မရှိတာကြောင့် ဝဥခင်းတွေ မဖော်လိုက်ရဘဲ ပစ်ထားခဲ့ရတယ်။ ဒီနှစ်မှာတော့ ဝယ်တဲ့သူတွေရှိလာပြီး စျေးပြန်ကောင်းတော့ ပစ်ထားတဲ့အခင်းတွေလည်း ပြန်ဖော်တယ်” လို့ အသက် ၄၀ နှစ်အရွယ် မင်းတပ်မြို့နယ်က ဝဥစိုက်တောင်သူတစ်ဦးက CJ Platform ကို ပြောပါတယ်။
ဝဥဝယ်ယူသူတွေရှိလာပြီး စျေးကောင်းရလာတာကြောင့် ဒေသတွင်း လူငယ်တွေလည်း အလုပ်အကိုင်တွေရှိလာသလို နေ့စဥ်ပုံမှန်ဝင်ငွေရှိလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လတ်တလော အိမ်တိုင်းနီးပါးစိုက်ပျိုးလေ့ရှိတဲ့ ဝဥစျေးကောင်းရပေမဲ့ တွက်ခြေမကိုက်သေးဘူးလို့ အသက် ၃၅ နှစ်အရွယ် ကန်ပက်လက်မြို့နယ်က ဝဥစိုက်တောင်သူတစ်ဦးက CJ Platform ကို ပြောပါတယ်။
“ဝဥဖော်ဖို့အတွက် နေ့စားလူငှားရတယ်။ ဒိုင်ဆီ ပို့ဆောင်ဖို့ ကားငှားရတယ်။ အဲဒီလိုပို့ဆောင်တဲ့အခါ ဂိတ်ကြေးပေးရတာတွေရှိတယ်။ ဝဥထည့်မယ့် အိတ်တွေလည်း ဝယ်ရတယ်။ ဒါတွေနုတ်လိုက်ရင် ကိုယ့်အတွက် အမြတ်ငွေသိပ်မကျန်ဘူး” လို့ သူက ပြောပါတယ်။
ဝဥကို ချင်းပြည်တောင်ပိုင်းဒေသတွေဖြစ်တဲ့ မင်းတပ်၊ ကန်ပက်လက်၊ မတူပီ၊ ပလက်ဝ စတဲ့မြို့တွေက ဒေသခံတွေဟာ စီးပွားဖြစ် အဓိကစိုက်ပျိုးကြပါတယ်။ ဝဥကို နှစ်စဉ် ဧပြီနဲ့ မေလတွေမှာ စတင်စိုက်ပျိုးလေ့ရှိပြီး ဇွန်နဲ့ ဇူလိုင်လတွေမှာ တစ်ကြိမ်၊ အပင်ခြောက်ချိန် ဒီဇင်ဘာကနေ မတ်လအထိ ဖော်ကြတယ်လို့ တောင်သူတွေဆီကနေ သိရပါတယ်။
အဲဒီက ဝဥကို မကွေးတိုင်း၊ မကွေး၊ ဆော၊ ကျောက်ထုတို့ကနေတစ်ဆင့် ပခုက္ကူ၊ မန္တလေး၊ ရန်ကုန် စတဲ့မြို့တွေဆီ တင်ပို့ကြပါတယ်။ အဓိက ဝယ်လက်ကတော့ တရုတ်နိုင်ငံသားတွေ အဝယ်များတယ်လို့လည်း သိရပါတယ်။
စစ်တပ်အာဏာမသိမ်းခင်က ဝဥအစို တစ်ပိဿာကို ကျပ် ၁,၅၀၀ ကျပ်နဲ့ အခြောက်တစ်ပိဿာကို ၂၀,၀၀၀ ကျပ်အထိရရှိခဲ့ပေမဲ့ ဒီနှစ်မှာတော့ ဝဥအစို တစ်ပိဿာကို ၁,၀၀၀ ကျပ်နဲ့ အခြောက်တစ်ပိဿာကို ၁၀,၀၀၀ ကျပ်ဈေးရနေတယ်လို့ အဲဒီဈေးကွက်ထဲကနေ သိရပါတယ်။
လတ်တလော ချင်းပြည်တောင်ပိုင်းဒေသတစ်ခုလုံးမှာ စစ်ကောင်စီကင်းစင်နေပြီဖြစ်ပါတယ်။
ပလက်ဝမြို့ကို အာရက္ခတပ်တော် (AA)က ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့က သိမ်းပိုက်ရရှိထားပြီး မတူပီမြို့ကို ၂၀၂၄၊ ဇွန်လ ၂၉ ရက်နေ့၊ မင်းတပ်မြို့ကို ဒီဇင်ဘာလ ၂၁ ရက်နေ့၊ ကန်ပက်လက်မြို့ကို ဒီဇင်ဘာလ ၂၂ ရက်နေ့တွေမှာ ချင်းညီနောင်အဖွဲ့နဲ့ မဟာမိတ်တပ်တို့က သိမ်းပိုက်ရရှိထားပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်
ပုံစာ – ဝဥစိုက်ခင်းကို တွေ့မြင်ရစဥ်(ပုံဟောင်း)