မောင်တောမှာ မြိုတိုင်းရင်းသား စစ်ဘေးရှောင် ၆၀ဝ ထက်မနည်း ပိတ်မိနေလို့ အကူအညီတွေ လိုအပ်နေ

Author ဆလိုင်း
Categories
Published on Jun 20, 2024

ရခိုင်ပြည်(မြောက်ပိုင်း) မောင်တောမြို့က မြိုတိုင်းရင်းသား စစ်ဘေးရှောင် ၆၀ဝ ထက်မနည်း ပိတ်မိနေလို့ စားနပ်ရိက္ခာနဲ့ ဆေးဝါး အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေဆီကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်နေ့က မောင်တောမြို့မှာ ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း အိဟိုဠ်အေးနဲ့ ကိုင်းကြီးကျေးရွာတို့က ဒေသခံတွေဟာ ၄ မိုင် ဘုန်းကြီးကျောင်းသို့ စစ်ဘေးရှောင်ခဲ့ကြတာဖြစ်ပါတယ်။

 

အဲဒီစစ်ဘေးရှောင်တွေဟာ ရက်ကြာလာတာနဲ့မျှ စားဝတ်နေရေး ခက်ခဲလာသလို ကျန်းမာရေးအတွက် ဆေးဝါး အကူအညီတွေလည်း လိုအပ်နေကြတယ်လို့ စစ်ဘေးရှောင် အမျိုးသားတစ်ဦးက CJ Platform သို့ပြောပါတယ်။

 

“ရွာဘက်မှာ တိုက်ပွဲဖြစ်နေတုန်းပါ။ ရွာပြန်ဖို့လည်း မရသေးဘူး။ ဆန်တွေ၊ ဆေးဝါးတွေလည်း သွားဝယ်လို့မရဘူး။ ကူညီထောက်ပံပေးမယ့် အဖွဲ့အစည်းတွေ လူလည်း လာလို့မရဘူး” လို့ သူက ပြောပါတယ်။

 

အာရက္ခတပ်တော် AA နဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲဖြစ်နေလို့ မောင်တောမြို့နယ်ထဲ လမ်းအားလုံး ပိတ်ဆို့နေပြီး သောက်သုံးရေအခက်အခဲအပြင် စားနပ်ရိက္ခာတွေလည်း ကုန်နေပြီလို့ အဲဒီအမျိုးသားက ဆက်ပြောပါတယ်။

 

“ဒါကြောင့် စစ်ဘေးရှောင်ကလေးတွေ အများအပြား ဖျားနာနေကြတယ်။ စားစရာ ဆန်တွေလည်း ကုန်နေပြီ။ ကျွန်တော်တို့က ပိတ်မိနေတဲ့ အနေထားမျိုးဖြစ်နေတယ်” လို့ သူက ဆိုပါတယ်။

 

အဲဒီ စစ်ဘေးရှောင်တွေဟာ မြိုတိုင်းရင်းသား ကျေးရွာတွေဖြစ်ကြတဲ့ သီဟိုဠ်အေးကျေးရွာမှ အိမ်ထောင်စု ၇၉ စု၊ လူဦးရေ ၅၃၇ ဦးနဲ့ ကိုင်းကြီးကျေးရွာမှ အိမ်ထောင်စု ၁၂ စု၊ လူဦးရေ ၅၈ ဦးတို့ဖြစ်တယ်လို့ သိရပါတယ်။

 

ပြီးခဲ့တဲ့ ဇွန်လ ၅ ရက်နေ့က မောတောင်မြို့ အနီးနားဝန်းကျင် တိုက်ပွဲတွင်းပစ်ခတ်တဲ့ လက်နက်ကြီးကျည် ၂ လုံးဟာ သီဟိုဠ်အေးကျေးရွာထဲသို့ ကျပေါက်လို့ အရပ်သားနေအိမ် ၃ လုံးပျက်စီးသွားပါတယ်။

 

မောင်တောမြို့ စစ်ကောင်စီရဲ့ နခခ ၅ မြို့သူကြီးနဲ့ နခခ ၂ (၄)မိုင် တပ်စခန်းတို့ကို AA  ထိုးစစ်ဆင်တိုက်ခိုက်ပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – CJ