နပခဌာနချုပ်ရှိရာ အမ်းမြို့ကို အလုံးစုံသိမ်းပိုက်ပြီးကြောင်း AA အတည်ပြု
ရခိုင်ပြည်၊ အမ်းမြို့ရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ကို ဒီကနေ့ ဒီဇင်ဘာလ ၂၀ ရက်နေ့ နေ့လယ် ၁၂ နာရီမှာ အပြီးသတ်သိမ်းပိုက်ရရှိပြီဖြစ်တယ်လို့ အာရက္ခတပ်တော်(AA)ပြောခွင့်ရ ဦးခိုင်သုခက CJ Platform ကို အတည်ပြုပြောပါတယ်။
နပခတစ်ခုလုံးကို သိမ်းပိုက်ရရှိခဲ့ပြီးဖြစ်တာကြောင့် အမ်းမြို့တစ်ခုလုံး AA ရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်ရှိသွားပြီဖြစ်တယ်လို့ ဆိုပါတယ်။
ဒီနေ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့ နေ့လယ် ၁၂ နာရီလောက်မှာ အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)တစ်ခုလုံးကို ကျွန်တော်တို့ အာရက္ခတပ်တော်က အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ပါတယ်လို့ ဦးခိုင်သုခက ပြောပါတယ်။
နပခတိုက်ပွဲအတွင်း နပခ ဒုတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းနဲ့ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့ကို အရှင်ဖမ်းဆီးရရှိထားတယ်လို့ AA ဘက်က အသိပေးပါတယ်။
AA ထိုးစစ်ဆင်နေတဲ့ ဂွမြို့မှာလည်း တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး ဂွမြို့ကနေ ငသိုင်းချောင်းဘက်ကို ဖြတ်သန်းထားတဲ့ ရိုးမတောင်ပေါ်မှာလည်း တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။
ဒီတိုက်ပွဲအတွင်းမှာ နပခရဲ့ ဒုတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းနဲ့ နပခရဲ့ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့ကိုလည်း ကျွန်တော်တို့ ဖမ်းဆီးရမိထားပြီးဖြစ်ပါတယ်လို့ သူက ပြောပါတယ်။
ထွက်ပြေးလွတ်မြောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်း လိုက်လံချေမှုန်းဖမ်းဆီးနေတယ်လို့လည်း သူက ဆက်ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အခြေစိုက်တဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ဒီနှစ် ၂၀၂၄ခုနှစ် ဩဂုတ်လ ၃ ရက်နေ့မှာ ကိုးကန့်
တပ်မတော်(MNDAA)နဲ့ပူးပေါင်းမဟာမိတ်တွေက သိမ်းပိုက်ခဲ့ပြီးနောက် ဒီကနေ့ ဒီဇင်ဘာလ ၂၀ ရက်နေ့မှာတော့ ရခိုင်ပြည် အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို AAက သိမ်းပိုက်ရရှိခဲ့တာပါ။
ဒါကြောင့် စစ်ကောင်စီအနေနဲ့ ဒီနှစ်အတွင်းမှာ တိုင်းစစ်ဌာနချုပ် ၂ ခုကို လက်လွှတ်လိုက်ရတာဖြစ်ပါတယ်။
ဓာတ်ပုံ- AA Info Desk
ပုံစာ- AA သိမ်းပိုက်ပြီးနောက် နပခဌာနချုပ်ကို တွေ့ရစဉ်